မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်က ဒီနေ့ကစတင်ပြီး ထောက်ပံ့ငွေပေးအပ်သွားမှာ ဖြစ်ပါတယ်။
Htar Htar Wai

နိုဝင်ဘာလ (၈)ရက် ရွေးကောက်ပွဲရက်မှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့ရင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဂုဏ်ပြုထောက်ပံ့တဲ့အနေနဲ့ တစ်ဦးကို ငါးသောင်းကျပ် ထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ထောက်ပံ့ဖို့အတွက် မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ကူးစက်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေက မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်ကို ဆက်သွယ်စာရင်းပေး နိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ အထောက်အထားတွေနဲ့ အတည်ပြုကာ ဂုဏ်ပြုထောက်ပံ့မှာဖြစ်တယ်လို့ သိရပါတယ်။



" ကူညီတာ ပထမတစ်ဆင့်က အဆက်အသွယ်ရဖို့ ကြိုးစားပါတယ်။ပြီးတော့ အားပေးစကားပြောပါတယ် ။ ပြီးတော့ ဂုဏ်ပြုငွေ တစ်ယောက်ငါးသောင်းပေးပို့ပါတယ်။ တစ်ချို့တွေက သက်ဆိုင်ရာ ကုသရေးစင်တာ အသီးသီးမှာ ရှိနေကြတုန်းဆိုတော့ ငွေကို တိုက်ရိုက်ပေးမရတော့ အိမ်က မိသားစုတွေဆီပဲ ပို့ပေးပါတယ်။စိစစ်မှုဆိုတာက ပိုးတွေ့တယ်ဆိုတော့ ကုသမှုခံယူတဲ့ ဆရာဆရာမတွေက သူတို့ရဲ့ အချက်အလက်ပို့ပေးထားတဲ့အတွက် အထူးစစ်နေစရာမလိုဘူး ။ နောက်ပြီး စင်တာကနေ ၁၁ရက်ပြည့်လို့ ဆင်းခွင့်ရတဲ့သူဆိုရင်လည်း ဆင်းထားတဲ့ လက်မှတ်ရှိပါတယ်။အဲဒါတွေ ပြပေးတယ် ။ အဓိက မဲရုံမှာ တာဝန်ထမ်းဆောင်တာကို သက်ဆိုင်ရာအခြားအချက်အလက်တွေကနေ အတည်ပြုထားပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က Duwun ကို ပြောပါတယ်။

ဒီလို ထောက်ပံ့ရာမှာတော့ ပညာရေးဝန်ထမ်းတွေကို အစိုးရ ၊ ပုဂ္ဂလိက၊ ဘုန်းတော်ကြီးပညာသင်ကျောင်း အစရှိသဖြင့် ခွဲခြားမှုမရှိဘဲ မြန်မာနိုင်ငံ မည်သည့်နေရာဒေသက မဆို မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်၁၉ ကူးစက်ခံရပါက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ဒီလိုကူညီထောက်ပံ့ဖို့အတွက် စာရင်းကောက်ယူမှုကို နိုဝင်ဘာလ ၂၃ရက်ကစတင်ခဲ့တာဖြစ်ပြီး ဆက်သွယ်လာတဲ့ ပညာရေးဝန်ထမ်း (၄၀)ကျော်ကို ဒီနေ့ နိုဝင်ဘာလ ၂၅ရက်က စတင်ပြီး ဂုဏ်ပြုထောက်ပံ့ငွေ ငါးသောင်းကျပ် ပေးပို့နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Htar Htar Wai

က္က