ရပ်ကွက်အတွင်း အမှိုက်ပုံမီးရှို့တဲ့နေရာအများစုက နယ်မြေကျယ်တဲ့ မြို့နယ်တွေမှာ အဖြစ်များပါတယ်။

ရပ်ကွက်အတွင်း အမှိုက်ပုံခြင်း၊ မီးရှို့ခြင်းတွေက မီးဘေးအန္တရာယ်ကိုဖြစ်စေနိုင်သလို၊ လေထုညစ်ညမ်းမှုလည်းဖြစ်နိုင်တာကြောင့် မီးရှို့တာတွေမပြုလုပ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီက တားမြစ်လိုက်ပါတယ်။

ဒါကြောင့် အမှိုက်တွေကို မီးမရှို့ဘဲ On Call အမှိုက်ကားခေါ်ယူ စွန့်ပစ်တဲ့စနစ်ကိုသာကျင့်သုံးဖို့ မြို့နယ် အလိုက်မှာ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီတွေက ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ၂၀၁၈ မှာဆိုရင်လည်း “မည်သည့်စွန်ပစ်အမှိုက် အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်သောနေရာမှအပစုပုံခြင်း၊ မီးရှို့ခြင်း" ဆောင်ရွက်ပါက ဥပဒေအရအရေးယူဆောင်ရွက်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။



"နယ်ဘက်ကနေ ရန်ကုန်ရောက်လာတဲ့ လူတော်များများက အဲ့ဒီအလေ့အကျင့်ရှိကြတယ်။သူတို့ခြံကွက်ထဲမှာရှိတဲ့ အမှိုက်တွေကို မီးရှို့တတ်ကြတယ်။သူတို့မသိတဲ့ဟာကို ကျူးလွန်တာဖြစ်တော့ အရင်ဆုံးရှင်းပြရတာပေါ့။အရေးယူတဲ့အပိုင်းတန်းလုပ်လို့မရဘူး။ပညာပေးမှု ပဲဦးစားပေးလုပ်ရတာပေါ့။အမှိုက်ကို စည်ပင်သာယာရေးကော်မတီက သတ်မှတ်နေရာမှာပဲ စွန့်ပစ်ရမယ်၊ပုံရမှာဖြစ်တယ်၊ မီးရှို့ခွင့် မရှိဘူး။ "လို့ တာမွေမြို့နယ် စည်ပက်သာယာရေးကော်မတီဥက္ကဋ္ဌ ကိုအောင်မျိုးလင်းကပြောပါတယ်။

ရပ်ကွက်အတွင်း အမှိုက်ပုံမီးရှို့တဲ့နေရာအများစုက နယ်မြေကျယ်တဲ့ မြို့နယ်တွေဖြစ်တဲ့ ရွှေပြည်သာ၊ တောင်ဥက္ကလာ ၊ မြောက်ဒဂုံ ၊မြောက်ဥက္ကလာ စတဲ့ ခြံဝန်းနဲ့လုံးချင်းအိမ် တွေရှိတဲ့ နေရာတွေမှာအဖြစ်များတယ်လို့သိရပါတယ်။ "အန်တီတို့ကတော့အိမ်ထဲကအမှိုက်ကိုရှို့တာလည်းမဟုတ်ဘူး။ အိမ်ရှေ့ သစ်ပင်ရှိမယ် ကြွေကျတဲ့သစ်ရွက် ရှိမယ်၊ လမ်းသွားလမ်းက ပစ်ခဲ့မယ့် အမှိုက်တိုအမှိုက်စရှိမယ်၊အဲ့ဒါတွေကို အန်တီတို့ နေထိုင်သူတွေက သိမ်းဆည်းပြီး မီးရှို့တာပါ။ စည်ပင်ကလူတွေက မိန်းလမ်းမကြီးတွေကိုပဲလှဲကြတာ။ ရပ်ကွက်လမ်းကို ရပ်ကွက်နေသူကပဲလှဲကြတာ၊ လှဲလည်းလှဲရတယ် အမှိုက်သယ်ခကိုပါ ပေးရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး၊အမှန်ဆို စည်ပင်က လာရှင်းရမယ့်အရာတွေဒါတွေက " လို့ မြောက်ဥက္ကလာမို့နယ်နေထိုင်သူ ဒေါ်ဝင်းဌေးက ပြောပါတယ်။

အသေးစားပြင်ဆင်ခြင်းလုပ်တဲ့အခါမှာလည်း ပြင်ဆင်မှုကနေ ထွက်ရှိတဲ့ အမှိုက်တွေနဲ့ပတ်သက်ပြီး ရပ်ကွက်အတွင်းပြသနာဖြစ်ပွားမှုတွေရှိတာကြောင့် On Call စာရွက်ကိုတစ်ပါတည်း ထည့်သွင်းလုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ အမှိုက်သိမ်းဆည်းဖို့အတွက်စည်ပင်သာယာေကော်မတီကို On call စနစ်ခေါ်ယူတဲ့အခါ ကားအသေး၊ ကားအကြီး အလိုက် ဝန်တောင်ခပေးဆောင်ရကြောင်း၊ အမှိုက်တင်ဖို့အတွက် အလုပ်သမားကိုလည်း အိမ်ရှင်ဘက်မှ ငှါးရမ်းရတာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က