တောင်သူတစ်ချို့ ရိုက်နှက်ခံရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
Mi Thawdar Aung

မန္တလေးတိုင်း၊ ပုသိမ်ကြီးနယ်နဲ့ပြင်ဦးလွင်နယ်အစပ်၊ ဝါးနက်ရွာနဲ့ကျွဲနဖားရွာကြားက တပ်နဲ့ ဒေသခံတောင်သူတို့ အငြင်းပွားနေတဲ့မြေယာကို ရာနဲ့ချီတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ခြံစည်းရိုးခတ်တာ၊ နေအိမ်တွေဖြိုဖျက်တာတွေလာလုပ်လို့ နှစ်ဖက်ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ (၂၆) ရက် မနက်ပိုင်းကဖြစ်ပွားခဲ့ပြီး ဒီမြေတွေကို ပြင်ဦးလွင်မြို့နယ် အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်းက သူတို့ပိုင်တယ်ဆိုပြီး အခုလိုခြံစည်းရိုးလာခတ်တာလို့သိရပြီး ခြံစည်းရိုးခတ်စဉ်နေအိမ်နှစ်လုံးကိုလည်းဖြိုချသွားသေးတယ်လို့ ဒေသခံတောင်သူဒေါ်တင်မြရဲ့ ပြောပြချက်အရသိရပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့နဲ့ဒေသခံတို့နှစ်ဘက်ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် တောင်သူတစ်ချို့ ရိုက်နှက်ခံရတာတွေလည်းရှိခဲ့တယ်လို့သိရပြီး ဒါတွေကို သက်ဆိုင်ရာက သိစေချင်တယ်လို့လည်း တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မာအေးက ပြောပါတယ်။

 “ သူတို့ကတပ်ပိုင်မြေလို့ပြောတယ်။ ကျွန်မတို့လုပ်စားလာတာ ၁၉၇၀ ကတည်းက ကိုယ်တိုင်ခုတ်ထွင်လုပ်စားလာတာ၊ ဒါကို အတင်းအဓမ္မခြံစည်းရိုးလာခတ်တယ်၊ တပ်ပိုင်တယ်ဆိုရင် ပိုင်ဆိုင်မှုပြဆိုတာလည်းမရဘူး။ ဖျက်ကြတယ်။ အခု ရုန်းရင်းဆန်ခတ်ဖြစ်တော့ မတင်မြကိုဆို ပါးတွေနားတွေ ရိုက်ပါတယ်။ အဲဒါကို အဲဒါကို သက်ဆိုင်ရာတွေကသိစေချင်ပါတယ် ကျွန်မတို့မှာ အကူအညီမဲ့နေလို့အကူအညီတောင်းတာပါ " လို့ ဒေါ်ခင်မာအေးက ဆက်ပြောပါတယ်။ 

အခင်းဖြစ်နေရာက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ်ကြားမှာရှိတာဖြစ်ပြီး မြေဧကတစ်ရာ့သုံးဆယ်ကျော်မှာအဆောက်အဦ တစ်ချို့နဲ့ နှစ်ရှည်ပင်တွေ စိုက်ပျိုးထားတာကိုလည်းတွေ့ရပါတယ်။

အဲဒီနေရာအနီးမှာ မနှစ် ဧပြီလတုန်းကလည်း တပ်မတော်က တပ်မတော်ပိုင်နို့စားနွားမွေးမြူရေးစီမံကိန်းဧရိယာဆိုပြီး ခြံစည်းရိုးလာခတ်လို့ ဒေသတောင်သူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ တောင်သူ (၁၀) ဦး ပြင်ဦးလွင်မြို့နယ်မှာတရားစွဲခံထားရတယ်လို့လည်းသိရပါတယ်။ 


Author


က္က