ကင်းလှည့်စဉ်မှာ MA 13 သေနတ်ကိုကိုင်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်မှာ ရဲကင်းမှူးတာဝန်ကျတဲ့ ရဲဒုတပ်ကြပ်တစ်ဦး ကင်းလှည့်နေစဉ် သေနတ်ပြုတ်ကျပြီး ကျည်ဆန်ထွက်ပေါက်မှန်ခဲ့ကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၉) နာရီလောက်မှာ မင်းလှမြို့နယ် ၊ ပန်းတောရွာမှာ ရဲကင်းကျတဲ့ ဒုတပ်ကြပ်ဟာ ကင်းလှည့်လည်စဉ် မြစ်တာဘောင်ပေါ်ကနေ လိမ့်ကျခဲ့တာကြောင့် လက်ထဲမှာကိုင်ထားတဲ့ သေနတ် ပြုတ်ကျကာ ကျည်ဆန်ထွက်ပြီး မိမိကိုယ်ကို ပြန်မှန်ခဲ့ကာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်က ပြောပါတယ်။

"မင်းလှမြို့နယ်ထဲက ဟိုးအနောက်မှာရှိတဲ့ ပန်းတောရွာရဲက ပန်းတောရဲကင်းမှာ သူ့ကို ရဲကင်းမှူးတာဝန်ပေးထားတာပေါ့။ အဲ့ဒါက မြစ်မခ မြစ်တာနားမှာဖြစ်သွားတာ။ တာဘောင်ကြီးကအမြင့်ကြီးပဲ။သူက ညပိုင်းကင်းလှည့်တယ်။ လှည့်ပြီးတော့ အပေါ့အပါးသွားတဲ့အချိန် မှောင်လဲမှောင်တဲ့အတွက် လမ်းကလည်း မညီမညာဆိုတော့ ခလုပ်တိုက်ပြီးလဲတယ်။ လဲတဲ့အချိန် မှာ သေနတ်က ကျည်ထွက်သွားတဲ့သဘောပေါ့။ ထွက်သွားတဲ့ကျည်နဲ့ သူကလည်း အောက်ကို ဒလိမ့်ကောက်ကွေးကျ ဟန်ချက်ပျက်ပြီးတော့ သေနတ်ကလည်းပြုတ်ကျပြီး  ကျည်ကလည်းထွက်ချင်တဲ့ဆီထွက်ပြီးပြန်မှန်သွားတယ်။ သူ့သေနတ်ကျည်ဆံကပဲ သူ့ကို ပြန်မှန်သွားတဲ့သဘောပေ့ါ။ " လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင် က အတည်ပြု ပြော ပါတယ်။

ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးခဲ့တဲ့ မင်းလှမြိုနယ်၊ ရွှေလောင်းအုပ်စု ၊ ပန်းတော ရဲကင်းမှူး ဒုတပ်ကြပ် ခင်ကြိုင်ဟာ ကင်းလှည့်စဉ်မှာ MA 13 သေနတ်ကိုကိုင်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဒုတပ်ကြပ် ခင်ကြိုင်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကွင်းနယ်မြေရဲစခန်းက သေ မှုသေခင်း ဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကိုလည်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ 


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။



က္က