တရုတ်၊အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့မှလည်း ကမ်းလှမ်းလာတာရှိနေပြီဟုဆို

ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ လာမယ့် (၂၀၂၁) ခုနှစ် ဒုတိယသုံးလပတ်အတွင်း ထိုးနှံနိုင်တော့မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာတော့ လူဦးရေ သန်း (၂၀)ခန့်က ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်မယ်လို့ အမျိုးသားအဆင့် ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ ပါမောက္ခဒေါက်တာစောဝင်းက ပြောဆိုလိုက်ပါတယ်။



လက်ရှိ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်အနက် နိုင်ငံ (၁၁)ခုက လူသားတွေမှာ စမ်းသပ်နေတဲ့ နောက်ဆုံးအဆင့် ရောက်ရှိနေပြီး အောင်မြင်မှုကလည်း (၉၀) ရာခိုင်နှုန်းကျော် ရရှိထားတယ်လို့လည်း ဒေါက်တာစောဝင်းက Duwun ကိုပြောပါတယ်။

အဆိုပါ နိုင်ငံတွေမှာ လာမယ့် ဒီဇင်ဘာလလောက်မှာ စတင်ထိုးနှံဖို့ မျှော်မှန်ထားပြီး မြန်မာနိုင်ငံကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ရမယ့် (၉၂) နိုင်ငံထဲမှာ ပါဝင်တာကြောင့် ထိုးနှံခွင့်ရတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ မြန်မာအပါအဝင် ဖွံဖြိုးဆဲ (၉၂) နိုင်ငံက ကာကွယ်ဆေးရဖို့ ပိုက်ဆံအများကြီးစိုက်စရာမလိုဘူး။ နည်းနည်းလေးထည့်ဝင်တာနဲ့ ကာကွယ်ဆေးရအောင်လုပ်ပေးမယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကိုထိုးချင်လို့တော့မရဘူး။ နောင်နှစ် ဒုတိယသုံးလပတ်မှာ လူဦးရေ (၃) ရာခိုင်နှုန်းထိုးရမယ်။ နောက်ထပ် (၁၇) ရာခိုင်နှုန်းက နောက်နှစ်အကုန်မှာထိုးနိုင်မယ်” လို့ ပါမောက္ခဒေါက်တာစောဝင်းက ဆိုပါတယ်။

အခုလို ဖွံဖြိုးဆဲ နိုင်ငံအနေနဲ့ ကာကွယ်ဆေး ရရှိမည့်အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ တရုတ်၊အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့က ကမ်းလှမ်းလာတာရှိနေပြီး မိမိနိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းတွေကို ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

“ အိမ်နီးချင်းနိုင်ငံတွေက ကမ်းလှမ်းလာတွေလည်း ရှိတယ်။ နောက်တစ်နည်းအနေနဲ့လည်း နိုင်ငံခြားမှာ လိုင်စင်ရပြီဆို အနည်းနဲ့ အများရောင်းကြမယ်။ အဲဒါဆိုလည်း ပုဂ္ဂလိက ဘက်က ဝယ်ပြီးရောင်းတာတွေ ဖြစ်လာနိုင်တယ်” လို့ ဒေါက်တာစောဝင်းက ဆိုပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ လူဦးရေစာရင်းလည်း ပြုစုနေပြီး ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း တွေကို ပထမဦးစားပေးမှာဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူတွေကိုလည်း ဦးစားပေးအဆင့်မှာထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒုတိယဦးစားပေးအနေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ အစိုးရဌာနတွေရဲ့ အကြီးအကဲတွေ၊ ရောဂါအခံရှိသူတွေနဲ့ အလုပ်ရုံ၊စက်ရုံတွေမှာ လုပ်ကိုင်နေသူတွေကို စဉ်းစားထားတယ်လို့လည်း ပါမောက္ခဒေါက်တာစောဝင်းက ကာကွယ်ဆေးထိုးနှံဖို့ ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က