မန္တလေးမြို့ရဲ့ကိုဗစ်ကူးစက်မှုအခြေအနေမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားဝန်ကြီးဦးစိုင်းပန်းဆိုင် အပါအဝင် နိုင်ငံကျော်စာရေးဆရာညီပုလေးနဲ့လူထုစာအုပ်တိုက်မိသားစုဝင်များအစရှိတဲ့ ထင်ရှားသူတွေပါ,ပါဝင်နေပြီး သေဆုံးမှုနှုန်းကလည်း နိုဝင်ဘာ ၂၂ရက်နေ့အထိစာရင်းအရ ၂၂ဦးအထိရှိနေပြီလို့သိရပါတယ်။
Ye Yint Htay

မန္တလေးမြို့မှာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုအနေအထားက ၂၄ရက်အတွင်း သုံးဆကျော်အထိမြင့်တက်လာတဲ့အတွက် မန္တလေးမြို့သူ/မြို့သားတွေ ကိုဗစ်ကာကွယ်ရေးကို အထူးအလေးထားဂရုစိုက်ကြရန် မန္တလေးမြို့တော်ဝန် ဦးရဲလွင်က Facebook စာမျက်နှာကတဆင့်သတိပေးရေးသားခဲ့ပါတယ်။ 

နိုဝင်ဘာ၂ရက်နေ့ကနေ ၂၆ရက်နေ့အထိ ကိုဗစ်ကူးစက်မှုရာနှုန်းကိုတွက်ချက်ပြီး မြို့တော်ဝန်ကသတိပေးခဲ့တာပါ။ မန္တလေးမှာကိုဗစ်ကူးစက်မှုဖြစ်ပွားနေတဲ့ မြို့နယ်(၆)မြို့နယ်မှာ နိုဝင်ဘာ၂ရက်နေ့က ၄၈၈ဦးသာရှိပြီး နိုဝင်ဘာ၂၆ရက်နေ့မှာ ၁,၅၆၄ဦးအထိမြင့်တက်ခဲ့လို့ ဖြစ်ပွားမှုနှုန်း ၃.၂ဆအထိမြင့်တက်ခဲ့တယ်လို့ မြို့တော်ဝန်က သုံးသပ်ရေးသားထားပါတယ်။ " အခုလို ၂၄ ရက်အတွင်း ၃ ဆကျော်များလာတာနဲ့ ဖြစ်ပွားမှုနှုန်းတန့်မသွားသေးတာ မန္တလေးသားတွေအတွက် အထူးသတိထားကြဖို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံပါ။ ရောဂါဖြစ်ပွားမှုနှုန်းတိုးလာသလို သေဆုံးသူဦးရေလည်း ၇ ယောက်ကနေ ၂၄ ယောက်အထိများလာပါတယ်။ ICU အထူးကြပ်မတ်ကုသပေးနေရတဲ့ လူနာတွေ များလာသလို အသက်အရွယ်မရွေး အခြားရောဂါမရှိသူတွေပါ အဆုပ်ပျက်စီးမှုတွေ တွေ့လာရပါတယ်။ ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျွန်တော် ပိုစ့်တွေ အကြိမ်ကြိမ်တင်ခဲ့ပြီးပါပြီ။ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက mask တပ်ဆင်ခြင်းပါ။ ဆိုင်ကယ်၊ ကားစီးသူတွေ mask တပ်တာ စိတ်ကျေနပ်ဖွယ်တွေ့လာရပေမယ့် ထပ်မံသတိထားရမယ့် အချက်တွေရှိပါသေးတယ်။ မိမိအိမ်ထဲမှာ mask မတပ်ပဲနေလို့ရပေမယ့် အိမ်သားတစ်ယောက် ပိုးတွေ့ရင် တစ်အိမ်လုံးကူးကုန်ကြတဲ့ ဖြစ်ရပ်တွေအများကြီးပါ။ အိမ်ထဲမှာ ကျွန်တော်လည်း mask မတပ်ပါ။ အိမ်သားတွေကို ဖြစ်နိုင်သရွေ့ stay at home လုပ်ခိုင်းထားပါတယ်။ ဈေးဝယ်တာကလွဲရင် အပြင်မထွက်ရပါ။ ဘယ်ဧည့်သည်မှ လာခွင့်မပြုပါ။ သတိမမူမိတဲ့ လုပ်ရပ်တွေထဲကတစ်ခုက ရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ အဆောင် တွေမှာ ထမင်းအတူတူစားကြရာကနေ ကူးစက်ကုန်တာပါ။ ထမင်းအတူစားတဲ့အချိန် mask ချွတ်ထားလို့ ကူးဆက်ဖို့ အခွင့်အလမ်း chance အရမ်းများသွားပါတယ်။ ကျွန်တော် ကော်မတီဝင်တွေနဲ့ ထမင်းအတူလက်စုံမစားတာ ၃လ ကျော်သွားပါပြီ။ အလားတူပါပဲ လမ်းသွယ်တွေ၊ ဝင်းတွေထဲနေသူများလည်း ဝင်းအတွင်း လမ်းသွယ်အတွင်းသွားရင် mask မတပ်ကြတာများပါတယ်။ ကိုဗစ်ဖြစ်လိုက်ရင် တစ်ဝင်းလုံး တစ်လမ်းလုံး ကူးစက်ဖို့များပါတယ်။"လို့ မြို့တော်ဝန်က ရေးသားဖော်ပြထားပါတယ်။ 

 လေးရက်ဆက်ပိတ်တန်ဆောင်တိုင်ရုံးပိတ်ရက်မှာလည်း အပြင်လျှောက်မသွားကြဖို့နဲ့ mask တပ်ရန်ကိုလည်း မြို့တော်ဝန်ကသတိပေးခဲ့ပြီး ဈေးတွေမှာ စည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၄၁လမ်းဈေး၊ ၈၆လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေး၊ မန်းရတနာဈေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့် မပြန့်ပွားအောင် အချိန်မီထိန်းနိုင်ခဲ့တာကို ဥပမာပေးပြီး mask တပ်ကြရန်လည်းတိုက်တွန်းခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့ မန္တလေးမြို့မှာ ကွာရန်တင်းနေရာအခက်အခဲတွေလည်းရှိနေပြီး stay at home နေထိုင်ရန်အတွက် မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့အမရပူရမြို့နယ်တွေကိုညွှန်ကြားထားပါတယ်။ မန္တလေးမြို့ရဲ့ကိုဗစ်ကူးစက်မှုအခြေအနေမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားဝန်ကြီးဦးစိုင်းပန်းဆိုင် အပါအဝင် နိုင်ငံကျော်စာရေးဆရာညီပုလေးနဲ့လူထုစာအုပ်တိုက်မိသားစုဝင်များအစရှိတဲ့ ထင်ရှားသူတွေပါ,ပါဝင်နေပြီး သေဆုံးမှုနှုန်းကလည်း နိုဝင်ဘာ ၂၂ရက်နေ့အထိစာရင်းအရ ၂၂ဦးအထိရှိနေပြီလို့သိရပါတယ်။


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က