မသိုးသင်္ကန်းတော့ ရက်လုပ်နိုင်မှာမဟုတ်ဘူးလို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က သိရပါတယ်။

ကိုဗစ်၁၉ကြောင့် ဘုရားစေတီတွေကို ဖူးမြော်ခွင့်ပိတ်ထားတဲ့အတွက် လာမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ရဲ့ ကျင်းပမယ့် အစီအစဉ်တစ်ချို့ကို အများပြည်သူဖူးမြော်နိုင်ဖို့ လူမှုကွန်ရက်ကနေသာ ထုတ်လွှင့်နိုင်မယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သိရပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနဲ့ တန်ဆောင်မုန်းလပြည့်နေ့ ကပ်လှူတဲ့အခမ်းအနားကိုလည်း ပုံစံပြောင်းပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



" ဒီနှစ်က ၂၉ရက်နေ့က လပြည့်နေ့ ၊ ပုံမှန်ဆို ၂၈ရက်နေ့ဆို မသိုးသင်္ကန်းရက်ပြိုင်ကြရမယ်။ ပြီးရင်ဆုပေးပွဲလုပ်တယ် ။ ၂၉ရက်မနက်ဆို အစောကြီးသင်္ကန်းကပ်ကြမှာပေါ့။အခုတော့ ကိုဗစ်ကြောင့် သင်္ကန်းကပ်မယ် ဘုရားကြီးကို ဒါပေမယ့် သင်္ကန်းကြီးတွေ အပြင်ကဝယ်ပြီး သေချာကပ်မယ်။ အပြင် လူတွေမပါတော့ဘူး ဂေါပကအဖွဲ့ဝင်တွေရယ်၊ဌာနမှူးတွေပဲ ပါမယ်။ ထိုင်တာလည်း စနစ်တကျ သူ့နေရာနဲ့သူ သတ်မှတ်ထားတယ်။ဆရာတော်ကြီးတွေကို ကပ်မယ်။ပြီးရင် ဘုရားငါးဆူမှာ လိုက်ပူဇော်မယ် " လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ ဦးသန်းဇော်က Duwun ကိုပြောပါတယ်။

မသိုးသင်္ကန်းပွဲမကျင်းပနိုင်ပေမယ့် ဆီမီးထွန်းပူဇော်မှုပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကိုတော့အများပြည်သူဖူးမြော်နိုင်အောင် ရွှေတိဂုံစေတီတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

"ညကျရင်တော့ ဆီမီးပူဇော်မယ်။ဆီမီးကတော့ အားလုံးပေါင်း (၁၂,၀၀၀) ဖြစ်မယ် ။ ၆နာရီခွဲလောက်စမှာပေါ့။အဲဒီမှာ ပြည်သူတွေဖူးမျှော်နိုင်ဖို့ Live လွှင့်ဖို့ အစီအစဉ်လုပ်နေတယ်။ Board of Trustee of Shwedagon Pagoda ကနေ ခြောက်နာရီခွဲလောက်ကစပြီး ကြည့်လို့ရမယ်ပေါ့ ။ ဆီမီးပူဇော်တာတွေ ရိုက်ပြမယ် ။ ပြီးရင် အထက်ပစ္စယံကို တက်မယ် လိုက်ပြီး ပူဇော်လို့ရတာပေါ့။ ပတ္တမြားမျက်ရှင်မှာ နောက်ဆုံးဝင်ပြီး ကန်တော့မယ် မေတ္တာပို့ အမျှဝေမယ်။ တစ်နာရီခွဲလောက်တော့ အချိန်ကြာမယ် အားလုံး။ဖူးဖြစ်အောင် ဖူးကြပါ " လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ ဦးသန်းဇော်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ကိုဗစ်၁၉ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံတစ်ဝန်းက တန်ခိုးကြီးဘုရားတွေကို ဝင်ရောက်ဖူးမြော်ခွင့် ပိတ်ထားသလို မကြာမီရက်ပိုင်းအတွင်းမှာတော့ ကိုဗစ်၁၉ကူးစက်မှု အခြေအနေပေါ်မူတည်ပြီး ပြန်လည်ဖူးမြော်ခွင့်ပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ နိုဝင်ဘာလ ၂၃ရက်က ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က