Architectural Scale Model ပညာရှင်ဦးကျော်ဇင်လတ်က နှစ်လကျော်ကြာဖန်တီးခဲ့ရတယ်လို့သိရပါတယ်။

မန္တလေး မဟာမုနိဘုရားကြီးပရဝုဏ်နဲ့တစ်ပုံစံတည်းတူတဲ့ ပရဝုဏ်ပုံစံငယ်ကို ဘုရားကြီးမြောက်ဘက်မုခ်က မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးမှာထားရှိပြီး အများသူငှာကြည့်ရှုလို့ရအောင် ဘုရားဂေါပကအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေပါတယ်။

မဟာမုနိဘုရားကြီးရဲ့ပရဝုဏ်အတွင်းရှိတဲ့သာသနိကအဆောက်အအုံတွေ၊ ပန်းခြံတွေအပါအဝင် ပရဝုဏ်အတွင်းရှိသမျှအရာတွေကို အပြင်ကပုံစံအတိုင်း အသေးစိတ်ဒီဇိုင်းရေးဆွဲပြုလုပ်ထားတဲ့ ပရဝုဏ်ပုံစံငယ်တစ်ခုပဲဖြစ်ပြီး Architectural Scale Model ပညာရှင်တစ်ဦးက ဒီဇိုင်းရေးဆွဲပြုလုပ်ခဲ့တာလို့သိရပါတယ်။



"ပရဝုဏ်အတွင်းရှိသမျှသာသနိကအဆောက်အအုံတွေ သစ်ပင်ပန်းခြံတွေ အဲဒါတွေကိုပုံစံငယ်နဲ့ပြတာပေါ့၊ ဒီဟာအတွက်ပညာရှင်က အသေးစိတ်ဂရုစိုက်လုပ်ခဲ့တာပါ၊ ဥပမာ အပြင်မှာခြင်္သေ့ရုပ်ကအစ သစ်ပင်ကအစ ဓာတ်ပုံသွားရိုက်ပြီးအဲဒါနဲ့တူအောင်လုပ်တာ အကွာအဝေးအတိုင်းအတာကအစ ဂရုစိုက်လုပ်ထားတာပါ၊ ပုံစံငယ်ကတော့ပြီးသွားပြီ၊ ဒီကကိစ္စတွေကမပြီးသေးလို့ အများပြည်သူဝင်ကြည့်ဖို့တော့မဖြစ်နိုင်သေးဘူး" လို့ မဟာမုနိဘုရားကြီးဂေါပက အဖွဲ့အတွင်းရေးမှူးဦးကျော်ကျော်ဦးကပြောပါတယ်။

လက်ရှိမှာက မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကို အတွင်းပိုင်းပြင်ဆင်မှုတွေပြုလုပ်နေတာမို့လို့ အလုံးစုံပြင်ဆင်ဆောင်ရွက်ပြီးစီးသွားမှပဲ ဘုရားကြီးပရဝုဏ်ပုံစံငယ်ကို အများပြည်သူကြည့်ရှုခွင့်ရနိုင်မှာလို့သိရပါတယ်။

"ဖွင့်နိုင်ဖို့က သုံးလလောက်တော့ကြာဦးမှာပါ ဘာလို့လည်းဆိုတော့ ဒီဗိမာန်တော်ထဲမှာပြင်ဆင်နေတာတွေကမပြီးသေးဘူး၊ အထဲမှာအကြီးစားပြင်ဆင်နေတာပါ၊ ပန်းချီဆွဲတာတွေကျန်သေးတယ်၊ ဗိမာန်တော်ထဲမှာ ဗုဒရဲ့ဖွားပွင့်ဟောစံဗုဒဝင်အကျဉ်းပါမယ်၊ ခေတ်အဆက်ဆက်ကဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေပါမယ်၊ ပျူခေတ်တို့ဘာတို့ပေါ့၊ အဲဒီခေတ်တွေကရုပ်ပွားတော်တွေပါမယ်၊ ပန်းဆယ်မျိုးပြခန်းတွေပါမယ်၊ ဘုရားနဲ့ပတ်သက်တဲ့ရွှေဆိုင်းလုပ်တာတို့ ပန်းတဉ်းတို့ပန်းတမော့တို့အစရှိသဖြင့်ပေါ့၊ အဲဒီလိုပြခန်းတွေပါမယ်၊ ပရဝုဏ်ပုံစံငယ်ကပြုလုပ်ပြီးစီးသွားပြီဖြစ်ပေမယ့်လည်း ဗိမာန်တော်ကြီးထဲမှာ ပြင်ဆင်ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေကမပြီးသေးတော့ ဒီရက်ပိုင်းဘုရားတွေပြန်ဖူးခွင့်ရရင်တောင် ဒါကတော့အများပြည်သူကြည့်ရှုလို့မရနိုင်သေးဘူး"လို့လည်း ဦးကျော်ကျော်ဦးကပြောပါတယ်။

မဟာမုနိဘုရားကြီးပရဝုဏ်ပုံစံငယ်ကို ဘုရားဘဏ္ဍာတော်ငွေထဲကနေ ငွေကျပ်သိန်းသုံးရာကျော်စိုက်ထုတ်အကုန်အကျခံခဲ့တာဖြစ်ပြီး Architectural Scale Model ပညာရှင်ဦးကျော်ဇင်လတ်က နှစ်လကျော်ကြာဖန်တီးခဲ့ရတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က