ကိုဗစ်လူနာတွေ့ရှိမှုနှုန်းကလည်း နေ့စဉ် လူနာဦးရေ (၁၀၀၀)ကျော်အထက်မှာတွေ့ရှိနေတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သတ်မှတ်ထားတဲ့ကိုဗစ်စည်းကမ်းချက်တွေထဲက ဖြေလျော့ပေးထားတဲ့ကိစ္စရပ်တွေကလွဲပြီး ကျန်စည်းကမ်းသတ်မှတ်ချက်တွေကို ဒီဇင်ဘာလ (၁၅)ရက်နေ့ထိထပ်မံတိုးမြှင့်လိုက်ကြောင်း ဒီကနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုဗစ်စည်းကမ်းချက်တွေကို ထပ်မံတိုးမြှင့်လိုက်တဲ့အထဲမှာလည်း တိုင်းနဲ့ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ stay at home အစီအစသ်တွေလည်း ဆက်လက်အကျုံးဝင်နေမှာဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ တစ်တိုင်းလုံးအတိုင်းအတာအနေနဲ့ (ကိုကိုးကျွန်းမပါ) stay at home အစီအစဉ်မှာ ဒီဇင်ဘာ(၁၅)ရက်နေ့ထိဆက်လက်အကျုံးဝင်နေမှာပါ။ 



ကနဦး ကိုဗစ်စည်းမျဉ်းတွေကို ဒီဇင်ဘာ(၅)ရက်နေ့ထိသာ သတ်မှတ်ထားတာကြောင့် အဲဒီနောက်ပိုင်းမှာ ဖြေလျော့မှုတွေဖြစ်လာနိုင်တယ်လို့ ထင်ထားကြပေမယ့် ယခုအခါမှာတော့ ဒီဇင်ဘာလလ (၁၅)ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်တာပါ။ ကိုဗစ်လူနာတွေ့ရှိမှုနှုန်းကလည်း နေ့စဉ် (၁၀၀၀)ကျော်အထက်မှာရှိနေတာကြောင့် စည်းကမ်းချက်ကာလကို ထပ်မံတိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။

ထပ်မံတိုးမြှင့်လိုက်တဲ့ ညွှန်ကြားချက်တွေထဲမှာတော့ ညမထွက်ရအမိန့် ၊ စားသောက်ဆိုင်များပါဆယ်စနစ်သာရောင်းချရေး၊ ကေတီဗီ၊နိုက်ကလပ်များဆက်လက်ပိတ်ထားရန်၊ ဘုရားစေတီများပိတ်ထားရန် စတဲ့ စည်းကမ်းချက်တွေပါဝင်ပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းကူးစက်လူနာတွေ ယခင်ကထက်လျော့နည်းသွားပြီလို့သုံးသပ်ထားပေမယ့်လည်း နေ့စဉ်ကူးစက်လူနာအရေအတွက်က ထောင်ဂဏန်းကျော်မှာရှိနေဆဲဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တန်ဆောင်တိုင်ပွဲတော်၊ ခရစ်စမတ်ပွဲတော်တွေနဲ့ နှစ်သစ်ကူးပွဲတော်တွေကိုတောင် မကျင်းပဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် မေတ္တာရပ်ခံပြောကြားထားတာပါ။ နိုဝင်ဘာလ (၂၈)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်လူနာ (၈၇၉၇၇)ဦးရှိကာ ပြန်လည်ကောင်းမွန်သူ (၆၇၅၈၈)ဦးနဲ့ သေဆုံးသူ (၁၈၈၇)ဦးရှိပါတယ်။ လက်ရှိဆေးကုသမှုခံယူနေတဲ့ လူနာက (၁၈၅၀၂)သာကျန်ရှိပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က