ဗဟိုဘဏ် ဥပဒေ ၁၀၃/၁၀၇ အရ အမှုဖွင့်အရေးယူတာပါ။

မြန်မာငွေ ငါးထောင်ကျပ်တန်ကို မီးရှို့ပြပြီး လူမှုကွန်ရက်စာမျက်နှာမှာ Live လွှင့်ခဲ့သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ဖော်ထုတ်အရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ (၂၇) ရက် နေ့လယ် (၁) နာရီလောက်မှာ Biggest Shopping & Retail ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ အဆိုပါ အမျိုးသားနဲ့ အမျိုးသမီးတို့က Live လွှင့်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ တရားဝင်ထုတ်လုပ်ထားတဲ့ ကျပ် ငါးထောင်ကျပ်တန်ကို မသင့်မလျော်မီးရှို့ပြခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။



အဲဒီလို မီးရှို့ပြမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊အခန်း (၁၆) ၊ အပိုဒ်-၉၉ (က) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူတွေကို ဖြတ်တောက်ခြင်း၊ဆုတ်ဖြဲခြင်း (သို့)အခြားနည်းလမ်းနဲ့ ပုံသဏ္ဍာန်ပျက်ယွင်းအောင် မပြုလုပ်ဖို့ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် အဆိုပါ Biggest Shopping & Retail ပေ့ချ်ကနေ Live လွှင့်ပြီး မီးရှို့ပြခဲ့သူ (၂) ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း ရပ်ကွက်နေ အမျိုးသားနဲ့ သူ့ဇနီးတို့ဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသားနဲ့ သူ့ဇနီးတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ၁၀၃/၁၀၇ အရ အမှုဖွင့်အရေးယူသွားမယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က