ရန်ကုန်တိုင်းက ဆရာ၊ဆရာမတွေ အများဆုံးကူးစက်ခံရတာပါ။

ရွေးကောက်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတာဝန်ကျဆရာ၊ဆရာမတွေ ကိုဗစ်ကူးစက်ခံရမှု (၁၀၁) ဦးအထိ ရှိလာပြီလို့ မြန်မာနိုင်ငံဆရာ၊ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က Duwun ကို ပြောပါတယ်။

မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ဆရာမတွေ ကိုဗစ်ကူးစက်မှုအခြေအနေကို မြန်မာနိုင်ငံဆရာ၊ဆရာမများအဖွဲ့ချုပ်က စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပြီး နိုဝင်ဘာ (၂၈) ရက်အထိ ရောဂါကူးစက်ခံရသူ (၈၀) ကျော်ခဲ့ရာ မနေ့ကတော့ ကော့ကရိတ်မြို့နယ်မှာ ကိုဗစ်ကူးစက်ခံရတဲ့ မဲရုံတာဝန်ကျ ဆရာ၊ဆရာမ (၁၆) ဦး စာရင်းထပ်တိုးလာခဲ့တယ်လို့ ဒေါက်တာဇော်မျိုးလှိုင်က ဆိုပါတယ်။



" လောလောဆယ် (၁၀၁) ဦးအထိ ရှိလာတယ်။ တစ်ချို့ကလည်း ဆေးရုံကဆင်းတာတွေလည်း ရှိပါတယ်။ ရန်ကုန်တိုင်းကတော့ အများဆုံးကူးစက်ခံရတယ်။ အယောက် (၆၀) ကျော်၊ (၇၀) လောက်က ရန်ကုန်က ဆရာ၊ဆရာမတွေပါ"”လို့ ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

ရောဂါကူးစက်ခံရတဲ့ ဆရာ၊ဆရာမတွေထဲမှာ (၁) ဦး၊ (၂) ဦးခန့်က ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲစာရင်းကောက်ယူစဉ်ကာလက ကူးစက်ခံရတာဖြစ်ပြီး အများဆုံးကူးစက်ခံရတာကတော့ နိုဝင်ဘာ (၈) ရက်နေ့မှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကူးစက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

“ အများဆုံးကတော့ ရွေးကောက်ပွဲနေ့ပြီးတဲ့နောက် ရောဂါလက္ခဏာပြကြတာပါ။ မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေဆိုတော့ အသက် (၃၀) ကနေ အသက် (၄၀) ကျော်ကြား အရွယ်တွေ အများဆုံးကူးစက်ခံရတာပါ။ လူလတ်ပိုင်းတွေ အများစုပေါ့။ အသက်အကြီးဆုံး (၅၉) နှစ်တစ်ယောက်တော့ ပါတယ်"”လို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ပြောပြပါတယ်။

ရောဂါကူးစက်ခံရတဲ့ ဆရာဆရာမ အယောက် (၁၀၀) ကျော်အနက် (၂) ဦးမှာ သေဆုံးခဲ့ပြီး သန်လျင်မြို့နယ်က ဆရာမ တစ်ဦးနဲ့ ဗိုလ်တစ်ထောင်မြို့နယ် အ.ထ.က ၂ က အသက် (၅၆) နှစ်အရွယ် ဆရာမတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါကူးစက်ခံရတဲ့ ဆရာ၊ဆရာမတွေကို လိုအပ်တဲ့ထောက်ပံ့မှုတွေပေးနိုင်ဖို့ ပညာရေးဝန်ကြီးဌာနကို အကူအညီတွေတောင်းခံထားပေမယ့်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်လာတာမျိုးမရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကူးစက်ခံ ဆရာ၊ဆရာမတွေအတွက် လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုကို မြန်မာနိုင်ငံဆရာ၊ဆရာမများအဖွဲ့ချုပ်က ဦးဆောင်ပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က