ဘုရားဖူးမျှော်ခွင့်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်များအပေါ်မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

မင်းဘူးမြို့ ရွှေစက်တော်ဘုရားအထက် ခြေတော်ရာသံတံခါးနဲ့ အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးအား အကျဉ်းချုံး ဖွင့်လှစ်သွားမှာဖြစ်ပြီး ဘုရားဖူးမျှော်ခွင့်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်များအပေါ်မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ခြေတော်ရာများဖွင့်ပွဲကိုတော့ ယခင်နှစ်တွေကအတိုင်း တပို့တွဲလဆန်း ၅ ရက် (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်) မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။



ဓာတ်ပုံ - မကွေးပို့စ်

"ခြေတော်ရာဖွင့်လှစ်တာကတော့ ဒေသရဲ့ ဓလေ့ထုံတမ်းအစဉ်အလာအရ ဖွင့်လှစ်ပေးရတဲ့ ဓလေ့ရှိတဲ့အတွက် နှစ်စဉ်တပို့တွဲ လဆန်း ၅ ရက်နေ့မှာ အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနဲ့ အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးကို အကျဉ်းချုံးပြီး ဖွင့်လှစ်သွားမှာပါ၊ ဘုရားဖူးမျှော်ခွင့်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အပေါ် မူတည်ပြီး ဘုရားဖူးခွင့် ပြု/မပြု သိရမှာပါ”လို့ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်စိုးက ဆိုပါတယ်။

ကိုဗစ်ကာလဖြစ်နေသည့်အတွက် မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ကျင်းပဖြစ်မည်မဟုတ်ကြောင်းကိုလည်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

"Covid 19ရောဂါကာလဖြစ်နေလို့ ပွဲတော်မကျင်းပဖို့နဲ့ ခြေတော်ရာဖွင့်လှစ်တာကတော့ ဒေသရဲ့ဓလေ့ထုံတမ်းအစဉ်အလာအရ ဖွင့်လှစ်ပေးရတဲ့ ဓလေ့ရှိတဲ့အတွက် နှစ်စဉ်တပို့တွဲ လဆန်း ၅ ရက်နေ့မှာ အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနဲ့ အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးကို အကျဉ်းချုံးပြီး ဖွင့်လှစ်သွားဖို့ မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော် ကြီးများက မိန့်ကြားခဲ့ပါတယ်"လို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဥက္ကဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောပါတယ်။

ယခင်နှစ်များက ဘုရားပွဲတော်ကျင်းပသည့်နှစ်များတွင် ပွဲတော်မစတင်မီ မန်းချောင်းရေလမ်းကြောင်းလွှဲခြင်း၊ မန်းချောင်းတံတားများဆောက်လုပ်ခြင်း၊ ဆိုင်ခန်းနေရာနဲ့ တည်းခိုဆောင်နေရာများ ဆောက်လုပ်ခြင်းများကို နိုဝင်ဘာလကုန်တွင် ပြင်ဆင်ဆောင်ရွက်လေ့ရှိပါတယ်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာတော့ ပွဲတော်ကျင်းဆဲမှာပဲ Covid 19ရောဂါကြောင့် ပွဲတော်ပိတ်သိမ်းခဲ့ရပါတယ်။

ဓာတ်ပုံ - မကွေးပို့စ်

"ဒီနှစ်တော့ ဆိုင်ခန်းဆောက်တာတွေ၊ တည်ကျောင်းဆောက်တာတွေ အခြေအနေမပေးတော့ဘူး၊ ဘုရားနဲ့ပတ်သက်တဲ့ တည်ဆောက်ပြုပြင်လုပ်ငန်းတွေကတော့ ပွင့်လင်းရာသီမှာ ဆက်လက်လုပ်သွားမှာပါလို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

 " မန်းရွှေစက်တော်ဘုရားကြီးက မြန်မာနိုင်ငံရဲ့ (က) စာရင်းဝင် ဘုရားကြီးဖြစ်ပါတယ်။ အခုလောလောဆယ်တော့ Covid 19ရောဂါဖြစ်ပွားမှုအခြေအနေအရ ပိတ်ထားတယ်။ ဘုရားဖူးတွေမလာရောက်ဖို့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေ့နဲ့ ဘုရားဝန်ထမ်းတွေက လှေတင်တံတားထိပ်၊ (၈)မိုင်လမ်းခွဲနဲ့ ဘုရားရွာအဝင်ကနေ နေ့စဉ်အလှည့်ကြ တာဝန်ယူဆောင်ရွက်နေပါတယ်”လို့ ဦးခင်မောင်စိုးက ဆိုပါတယ်။

မကွေးမြို့တစ်ဖက်ကမ်းရှိ မင်းဘူးမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ မန်းရွှေစက်တော် (ခေါ်) ရွှေစက်တော်ဘုရားကို နှစ်စဥ် တပို့တွဲလဆန်း ၅ ရက် မှစပြီး အတာသင်္ကြန်နှစ်ဆန်းတစ်ရက်နေ့အထိ ဖွင့်လှစ်လေ့ရှိပြီး တစ်နိုင်ငံလုံးက ဘုရားဖူးခရီးသည်များနဲ့ အစည်ကားဆုံး ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က