ပုံမှန်လမ်းတွေကပဲ ပြန်လည်သွားလာရတော့မှာ ဖြစ်ပါတယ်။

ယာယီအစီအစဉ်အဖြစ် သွားလာခွင့်ပြုထားတဲ့ အမြန်လမ်းမပေါ် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ဒီကနေ့ ဒီဇင်ဘာ(၁)ရက်နေ့ကစပြီး ခွင့်မပြုတော့ပါဘူး။

photo-အမြန်လမ်းမကြီးရဲတပ်ဖွဲ့

ကိုဗစ်ကာလအတွင်းမှာ ယာဉ်ကြောများအဆင်ပြေချောမွေ့စေဖို့အတွက် ကုန်တင်ယာဉ်များကို အောက်တိုဘာလ (၅)ရက်နေ့ကစပြီး အမြန်လမ်းပေါ်မှာ သတ်မှတ်စည်းကမ်းတွေနဲ့အညီဖြတ်သန်းသွားလာခွင့်ပြုခဲ့ ပါတယ်။ (၂)လနီးပါးကြာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးနောက် ယနေ့ကစပြီး ကုန်တင်ယာဉ်တွေကို အမြန်လမ်းမပေါ်ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

“ နိုဝင်ဘာ (၃၀)ရက်နေ့ထိပဲ ခွင့်ပြုခဲ့ပြီး ဒီနေ့ကစပြီးဖြတ်သန်းခွင့်မပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားစာပို့လာပါတယ်။ ကိုဗစ်ကာလမှာ ပုံမှန်လမ်းတွေပိတ်ဆို့လို့ကုန်တင်ယာဉ်တွေကို အမြန်လမ်းမှာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာပါ။ အခုခွင့်မပြုတော့ဘူးဆိုတော့ ပုံမှန်လမ်းတွေကပဲ ပြန်လည်သွားကြရတော့မှာပေါ့”လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးလင်းသန့်က Duwunကိုပြောပါတယ်။

ကုန်တင်ယာဉ်တွေကိုတော့ အမြန်လမ်းမှ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့မှာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပါတယ်။

photo-အမြန်လမ်းမကြီးရဲတပ်ဖွဲ့

အမြန်လမ်းမှာ အောက်တိုဘာလက ယာဉ်မတော်တဆမှု (၂၇)မှု ဖြစ်ပွါးခဲ့ပြီး သေဆုံးသူ (၅)ဦးနဲ့ ဒဏ်ရာရရှိသူ (၁၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာလအတွင်းမှာတော့ ယာဉ်မတော်တဆမှု (၄၀)ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၉)ဦးနဲ့ ဒဏ်ရာရရှိသူ(၂၈)ဦးရှိခဲ့ပါတယ်။

မတော်တဆမှုတွေဖြစ်ပွားခဲ့တဲ့အထဲမှာ ကုန်တင်ယာဉ်တွေအပြင် အိမ်စီးယာဉ်တွေလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။ အမြန်လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေထဲမှာ ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်တာတွေက အများဆုံးဖြစ်ပြီး ယာဉ်မောင်းအိပ်ငိုက်တာနဲ့ အကွေ့တွေမှာ အရှိန်မထိန်းနိုင်တိမ်းမှောက်မှုတွေလည်း အများဆုံးပါဝင်တယ်လို့ သိရပါတယ်။




က္က