ကလေး(၁၀)ဦးက ဒီနေ့မှာ ရိုးမရိပ်သာကွာရန်တင်းစင်တာကနေ ပြန်ခွင့်ရရှိတာဖြစ်တယ်လို့ သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ (၈၇)ရပ်ကွက် ၊ လိုတရ-စံရွှေလှ ပေါက်စီနဲ့ကိတ်မုန့်လုပ်ငန်းဖြစ်စဉ်မှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ ကလေး(၁၄)ဦးရှိပြီဖြစ်ပြီး (၁၀)ဦးကတော့ ဒီနေ့ ကွာရန်တင်းစင်တာကနေ ပြန်ခွင့်ရရှိတယ်လို့ သိရပါတယ်။

ကနဦးစစ်ဆေးချက်အရ ကလေး(၁၀)ဦးမှာ တွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးမှုကနေ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကလေး(၄)ဦးကိုတော့ ရိုးမရိပ်သာကွာရန်တင်းစင်တာမှာပဲ ထားရှိတယ်လို့ ပေါက်စီစက်ရုံဖြစ်စဉ်မှာ နစ်နာသူ ကလေးတွေအတွက် ဝိုင်းဝန်းဆောင်ရွက်နေတဲ့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် ၊ ပြည်ထောင်စုအဆင့်အလုပ်သမားကိုယ်စားလှယ် ဦးရဲကျော်သူက Duwun ကို ပြောပါတယ်။



" ကလေးတွေက ပထမ ၁၀ယောက်တွေ့တယ်လေ အဲဒီကလေးတွေက ဒီနေ့ ရိုးမရိပ်သာကနေ ပြန်ခွင့်ရပြီဆိုလို့ သူတို့ကို ကြိုဖို့ မိဘတွေနဲ့အတူသွားခဲ့တယ်။ဒါပေမယ့် ကျွန်တော်တို့မရောက်ခင်မှာပဲ လူမှုဝန်ထမ်းဦးစီးဌာနက လာခေါ်သွားပြီလို့ သိရပါတယ်။နောက်ထပ်စစ်ဆေးတွေ့ရှိထားတဲ့ ကလေး လေးယာက်ကတော့ နောက်တိုးအနေနဲ့ တွေ့ထားတဲ့ လေးဦးပေါ့ သူတို့ကတော့ ရိုးမရိပ်သာမှာပဲ ရှိနေပါသေးတယ် " လို့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် ၊ ပြည်ထောင်စုအဆင့်အလုပ်သမားကိုယ်စားလှယ် ဦးရဲကျော်သူက Duwun ကို ပြောပါတယ်။


ပေါက်စီစက်ရုံဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ ကလေးဦးရေ (၂၀)ရှိနေပြီး ကိုဗစ်၁၉တွေ့ရှိခဲ့သူတွေအပါအဝင် ကလေးအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာ စောင့်ရှောက်ထားပြီး မိဘတွေဆီ ပြန်လည်အပ်နှံခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။

" မိဘတွေကလည်း သူတို့သားသမီးတွေကို ပြန်ခေါ်သွားလို့ရမယ်လို့ပဲ ထင်နေတာပေါ့ ။ဒါကြောင့်လည်း သွားကြိုကြတာ။ဒါပေမယ့် ဒါက တစ်နိုင်ငံလုံးသိတဲ့ အမှုကိစ္စကြီးဖြစ်သွားတော့ ကလေးတွေကိုလည်း ပြန်ထည့်ပေးလို့မရသေးလို့ နေမှာပေါ့။ကလေးက ဒဂုံဆိပ်ကမ်းကရော မြောက်ဒဂုံက ခေါ်တာတွေရောက အယောက်(၂၀) ။ အဲဒီထဲမှာ ၁၁ဦးကို သံလွင်လမ်းက အမျိုးသမီးသက်မွေးကျောင်း ၊ ယောကျ်ားလေး ၅ဦးကိုတော့ သန်လျင်က လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာပေါ့နော် ။ ၄ဦးကတော့ ရိုးမရိပ်သာကွာရန်တင်းစင်တာမှာပါ " လို့ ဦးရဲကျော်သူက Duwun ကို ပြောပါတယ်။


ကလေးငယ်တွေကိုဝှက်ထားပြီး ညှင်းပန်းနှိပ်စက်တယ်လို့ သတင်းတွေပျံ့နှံ့ခဲ့တာကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၊ (၈၇)ရပ်ကွက် ၊ လိုတရ-စံရွှေလှ ပေါက်စီနဲ့ကိတ်မုန့်လုပ်ငန်းကို ဒေသခံတွေက ဝိုင်းဝန်းရှာဖွေခြင်း ၊ ဆူပူမှုဖြစ်အောင်လှုံ့ဆော်သူတွေကြောင့် လုံခြုံရေးယူထားတဲ့ ရဲဝန်ထမ်းတွေနဲ့ ဒေသခံတွေအကြား အဓိကရုဏ်းအသွင်ဖြစ်ပွားမှုတွေ နိုဝင်ဘာလ ၂၀ရက်က ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် လိုတရ-စံရွှေလှ ပေါက်စီနဲ့ကိတ်မုန့်လုပ်ငန်းပိုင်ရှင်အမျိုးသားကို တရားစွဲဆိုထားသလို အဓိကရုဏ်းအသွင်ဆောင်ရွက်ပြီး အကြမ်းဖက်မှုလုပ်ဆောင်ခဲ့သူတွေကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ် ၊ မြို့မရဲစခန်းက ဖမ်းဆီးအရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က