ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ပွဲမှာ ပြောခဲ့တာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးတစ်ခုတည်းကိုသာ အားထည့်လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အခြားရောဂါတွေနဲ့ပတ်သက်တဲ့ ကာကွယ်ထိန်းချုပ်ရေး စီမံချက် (၄၀) ကျော်ကိုပါ တပြိုင်တည်း လုပ်ဆောင်နေရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြတ်တောက်နိုင်ရန် ပြည်သူ့ကျန်းမာရေးကဏ္ဍတွေ လုပ်ဆောင်နေကာ ဆေးရုံတွေမှာလည်း လူနာသေဆုံးမှုမရှိအောင် ဆရာဝန်တွေ၊ဆရာမတွေ၊ ကျန်းမာရေးနှီးနွယ်ပညာရှင်တွေ လုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာ ကိုဗစ်တစ်ခုတည်းကို အားထည့်လို့မရဘူးလို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။ ဒီနေ့ ဒီဇင်ဘာ (၁) ရက်မှာပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား (ဗဟိုအဆင့်) ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“ ဝန်ကြီးဌာနမှာ စီမံချက် (၄၀) ကျော်ရှိတယ်။ ဒီ (၄၀) ကျော်ရဲ့ အလုပ်ကို လုံးဝရပ်ထားလို့မရဘူး။အဲဒီ စီမံချက် (၄၀) ကျော်တွေထဲမှာ ဘယ်အချက်တွေက အရေးကြီးလဲ။ အလွန်အရေးကြီးတဲ့ (၂) ချက် သို့မဟုတ် (၃) ချက် ကို သက်ဆိုင်ရာစီမံချက်မန်နေဂျာက စိစစ်သုံးသပ်ပြီး လုပ်ဖို့လိုတယ်။

ဒီလိုမှမဟုတ်ရင် ကိုဗစ်လည်း ပြီးရော ကျန်တဲ့ ရောဂါတွေရဲ့ ဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းတွေ တက်လာရင် ကျန်းမာရေးဘတ်ဂျက်အလွန်သုံးရသလို ပြည်သူတွေမှာလည်း မလိုအပ်တဲ့ ရောဂါဖိစီးမှုတွေ ခံစားနေရမယ်”လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။ ဒါ့အပြင်လက်ရှိဆောင်ရွက်နေတဲ့ HIV/AIDS ရောဂါစီမံချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်တယ်လို့ဆိုကာ ကမ္ဘာ့အစည်းအဝေးတွေမှာ ချီးကျူးခံရတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

HIV/AIDS ရောဂါနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုကို ကြည့်မယ်ဆိုရင် (၂၀၁၉) ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ (၉,၉၀၀) ကျော် တွေ့ရှိရပြီး (၂၀၁၀) ခုနှစ်နဲ့ နှိုင်းယှဉ်ရင် (၃၆) ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက HIV/AIDS ရောဂါထိန်းချုပ်ရေးအဖြစ် လိင်လုပ်သားတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ အမျိုးသားချင်းလိင်ဆက်ဆံသူတွေ၊ အကျဉ်းသားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အဓိကထားကိုင်တွယ်ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က