တစ်ပါတီတည်းအစိုးရဖွဲ့ခွင့်ရသွားပြီဖြစ်တဲ့ အာဏာရ အန်အယ်လ်ဒီပါတီဟာ မကြာခင်မှာ အစိုးရအသစ်၊ လွှတ်တော်အသစ် ပြန်ဖွဲ့သွားတော့မှာပါ။

အစိုးတစ်ရပ် လွှတ်တော်တစ်ရပ်ဖွဲ့စည်းတဲ့အခါမှာ ဘယ်သူဟာဘာဖြစ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူကပိုသိတာမို့လို့ ပြည်သူကျေနပ် အောင်ဖွဲ့စည်းပေးနိုင်ဖို့က အရေးကြီးတယ်လို့ အန်အယ်လ်ဒီပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"ကျေနပ်ခြင်းမကျေနပ်ခြင်းဆိုတာထက် ပြည်သူကျေနပ်သလားမကျေနပ်သလားဆိုတာ အရေးကြီးပါတယ်၊ ကျွန်တော်ကျေနပ်တာမကျေနပ်တာက အဓိကမကျဘူးထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ပြည်သူကျေနပ်ခြင်းကပိုပြီးတော့အရေးကြီးတယ်လို့ ထင်တယ်၊ ပြည်သူကသိတယ်ဗျ၊ ကျွန်တော်မသိရင်နေမယ် ပြည်သူကျတော့ ဘယ်သူကဘာလဲဆိုတာသိတယ်" လို့ ဝန်ကြီးချုပ်ကပြောပါတယ်။



ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၂၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်အပြီးမှာ မကြာခင်ပြီးဆုံးတော့မယ့် အစိုးရနဲ့လွှတ်တော်သက်တမ်းအတွင်း ရာထူးတာဝန်ခန့်အပ်ထားရှိမှုအပေါ် ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦး အနေနဲ့ ကျေနပ်မှုရှိမရှိ သတင်းမီဒီယာရဲ့မေးမြန်းမှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ကဖြေကြားလိုက်တာလည်းဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အာဏာရအစိုးရရဲ့အန်အယ်လ်ဒီပါတီဟာ မကြာခင်မှာပဲ အစိုးရအသစ်နဲ့လွှတ်တော်အသစ် ဖွဲ့စည်းသွားရတော့မှာဖြစ်ပြီး အဲဒီလိုအသစ်ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ပြည်သူသဘောကျနိုင်တာကိုလည်းထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့သိရပါတယ်။

"ကျွန်တော်တို့ဝန်ကြီးချုပ်တွေအားလုံးဟာ နဂိုကတည်းကိုက ပြိုင်ခိုင်းလိုက်ကတည်းက ဝန်ကြီးချုပ်ပေးမယ်ဆိုပြီးပြိုင်ခိုင်းတာတစ်ယောက်မှမရှိဘူး၊ ဒါကို ကျွန်တော်တို့ပြန်စဉ်းစားမှာပဲ၊ ဘယ်သူကပြည်သူကသဘောကျလဲ မကျဘူးဆိုတာ အဲဒီအချက်တွေပါလာမှာပေါ့"လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ နိုဝင်ဘာ ၈ ရက်ကကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရလဒ် ၈၃ ရာခိုင်နှုန်းကျော်နဲ့ တစ်ပါတီတည်းအစိုးရဖွဲ့ခွင့်ရသွားပြီဖြစ်တဲ့ အာဏာရအန် အယ်လ်ဒီပါတီဟာ မကြာခင်မှာပဲအစိုးရအသစ်လွှတ်တော်အသစ်ပြန်ဖွဲ့သွားတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က