ရွေးကောက်ပွဲကာလမှာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်မှာ နှစ်ပတ်အတွင်း ခရီးနယ်ကျော်သွားလာခြင်းမရှိတဲ့ ကျောင်းဆရာမတစ်ဦးကို လူနာစောင့်အဖြစ် ဆေးရုံမှာထားရှိဖို့ စစ်ဆေးရာကနေ ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။

အဆိုပါ ကျောင်းဆရာမက ခရီးသွာလာခြင်းမရှိခဲ့ပေမယ့်လည်း နိုဝင်ဘာလ(၈)ရက် ရွေးကောက်ပွဲမှာ မဲရုံတာဝန်ကျဆရာမတစ်ဦးဖြစ်တယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ၊ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က Duwun ကို ပြောပါတယ်။



" သူကတော့ နှစ်ပတ်အတွင်း ဘယ်မှနယ်ကျော်သွားတာ မရှိဘူး။ သူ့ယောကျ်ားက ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ဆီဘူးမှာ အလုပ်လုပ်တာ။ အဲဒါ ဗိုက်အောင့်လို့ ဆေးရုံကို လာပြတော့ သူက လူနာစောင့်အနေနဲ့ နေဖို့ ဆေးစစ်ရတယ်။နှစ်ဦးစလုံးကို စစ်တာ။ သူ့ယောကျ်ားက ပိုးမတွေ့ဘူး ။ သူက တွေ့တယ်။သူ့ယောကျ်ားကို ဆီဘူးကနေ သွားခေါ်တာတောင် သူ မပါဘူးပြောတယ်။အဲဒါကြောင့်မို့ ဒါ localမှာ ဖြစ်တယ်လို့ ၊ ခရီးသွားရာဇဝင်မရှိ ပိုးတွေ့လူနာထိစပ်မှုရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုဖြစ်လာတာလို့ သုံးသပ်ရတာပါ။သူက (၈)ရက်နေ့မှာ မဲရုံ(၃)မှာ တာဝန်ကျတယ်ဆိုတာတော့ မှတ်တမ်းမှာ ရေးထားတယ် ။အဲဒါနဲ့ ဆက်စပ်ပြီးတော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆောင်ရွက်နေပါတယ်" လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ၊ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က Duwun ကို ပြောပါတယ်။

အဆိုပါ ပိုးတွေ့လူနာ ကျောင်းဆရာမအမျိုးသမီးနဲ့ သူ့ရဲ့ အမျိုးသားက နိုဝင်ဘာလ ၃၀ ရက်မှာ လွိုင်ကော်ပြည်သူ့ဆေးရုံကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီနေ့မှာပဲ ကိုဗစ်ရှိမရှိစစ်ဆေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကယားပြည်နယ်မှာ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ (၂၄)ဦးရှိပြီဖြစ်ပြီး ဒီထဲက (၂၃)ဦးကတော့ ကွာရန်တင်းစင်တာတွေကနေ စောင့်ကြည့်စစ်ဆေးရာက တွေ့ရှိထားတာဖြစ်ပါတယ်။ပိုးတွေ့လူနာ (၂၄)ဦးထဲကနေ (၁၇)ဦး ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်ပြီး (၇)ဦးကိုတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ထားရှိကုသဆဲ ဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က