ထုတ်ပြန်ချက်အရဆိုရင် Semi Lockdown သဘောမျိုးသက်ရောက်နေတာကိုတွေ့ရပါတယ်။
Minn Nandar

ကိုဗစ်ရောဂါကူးစက်မှုဆက်တိုက်မြင့်တက်လာတာကိုထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြီး မန္တလေးတိုင်းဒေသကြီးအစိုးရက မနေ့ကရက်စွဲနဲ့ မဖြစ်မနေလိုက်နာ ရမယ့်စည်းကမ်းချက်တွေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အတောအတွင်း ပြည်သူတွေမဖြစ်မနေလိုက်နာရမယ့်စည်းကမ်းချက်တွေပဲဖြစ်ပြီး ဒီစည်းကမ်းချက်တွေနဲ့အတူ ထိရောက် ပြတ်သားတဲ့အရေးယူမှုတွေလည်းပါဝင်တာကိုတွေ့ရပါတယ်။

"Semi Lockdown သဘောမျိုးပါပဲ၊ ဒီတစ်ခါက တကယ်အရေးယူတော့မယ့်ပုံဆိုတော့ စည်းကမ်းတွေကိုလိုက်နာကြဖို့ပဲအသိပေးချင်ပါတယ်၊ ကျွန်တော် တို့လည်း ရပ်ကွက်တွေထဲလိုက်ကြေညာအသိပေးနေပါပြီ၊ ၅ ရက်နေ့ကစပြီး အရေးယူမယ့်အပိုင်းတွေပါပါလာပါပြီ" လို့ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒါဟာ ခရိုင်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းဆက်တိုက်မြင့်တက်နေလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဖြစ်တယ်လို့သိရပြီး၊ အဲဒီထုတ်ပြန်ချက်အရဆိုရင် Semi Lockdown သဘောမျိုးသက်ရောက်နေတာကိုတွေ့ရပါတယ်။

"ကျွန်တော့မြို့နယ်မှာတော့ ရပ်ကွက်တွေထဲကြေညာခိုင်းထားပါပြီ၊ ၅ ရက်နေ့နောက်ပိုင်းတော့ ထိရောက်တဲ့ အရေးယူမယ့်အပိုင်းတွေပါလာမယ်ထင်ပါတယ်" လို့ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးဦးနိုင်ဝင်းကပြောပါတယ်။ဒီကြေညာချက်အရ မန္တလေးခရိုင်ကို ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်သွားတော့မှာဖြစ်ပြီး တားမြစ်ကန့်သတ်ချက် ၁၇ ချက်နဲ့ ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ဘဏ်နဲ့ငွေကြေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ဆေးရုံဆေးခန်း စားသောက်ဆိုင်နဲ့ သားငါးအရောင်းဆိုင်၊ ရေသန့်စက်ရုံ၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ နေ့စဉ်လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း စတဲ့မဖြစ်မနေ ဖွင့်လှစ်ဖို့လိုအပ်တဲ့လုပ်ငန်းတွေကလွဲလို့ ကျန်လုပ်ငန်းတွေပိတ်သိမ်းရမှာဖြစ်ပြီး ဈေးတွေကိုအချိန်အကန့်အသတ်နဲ့ပဲ ဖွင့်လှစ်ရောင်းချခွင့်ပြုတော့မှာ၊ မန္တလေးကိုလာရောက်တဲ့မော်တော်ယာဉ်တွေအနေနဲ့ ကုန်တင်ယာဉ်တွေကလွဲလို့ ယာဉ်ငယ်တွေကို ညအိပ်ရပ်နားခွင့်မပေးတော့မှာ ဆိုတဲ့အချက် တွေပါဝင်ပါတယ်။

ဒါ့အပြင်မဖြစ်မနေဈေးဝယ်တဲ့ကိစ္စကန့်သတ်တာ၊ ဈေးတွေကို မနက်ပိုင်းလေးတင်ပဲရောင်းချခွင့်ပေးတာ၊ ကုန်စည်ဒိုင်နဲ့ပွဲရုံတွေကိုအရင်ကထက် ကြပ်မတ်ပိတ်ပင်တာ၊ မြို့နယ်တစ်ခုနဲ့တစ်ခု အရေးမကြီးဘဲကူးလူးဖြတ်သန်းခွင့်မပြုတာ၊ Shopping Mall တွေမှာဆိုရင်လည်း မဖြစ်မနေဖွင့်လှစ်ခွင့်ပြု ထားတဲ့ဆိုင်ခန်းတွေကလွဲလို့ ကျန်ဆိုင်ခန်းတွေပိတ်ထားခိုင်းတာ၊ မြို့တွင်းညအိပ်လာရောက်သူတွေ ရောဂါကင်းရှင်းကြောင်းကျန်းမာရေးထောက်ခံစာ ပါမှခွင့်ပြုခိုင်းတာ လည်းပါဝင်ပြီး မလိုက်နာရင် တည်ဆဲဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ မန္တလေးခရိုင်မှာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅,၀၈၆ ဦးအထိရှိခဲ့ပြီး သေဆုံးသူ ၅၅ ဦးရှိနေပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဆီကနေသိရပါတယ်။


Author

  • Minn Nandar

က္က