ဗိုင်းရပ်စ်ပိုးဟာ အေးတဲ့ရာသီမှာ ပိုပြီးပွားများရှင်သင်နိုင်တယ်လို့ သုံးသပ်မ ထားပါတယ်။

ဆောင်းရာသီကာလမှာ ကိုဗစ်-၁၉ ကူးစက်မှုပိုများလာနိုင်တဲ့ အခြေအနေရှိနေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။

“ ဆောင်းရာသီနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တစ်နိုင်ငံလုံးကိုမှာကြားသွားတာလည်း အားလုံးအသိပါပဲ။ ကိုဗစ်-၁၉ကလည်း ဆောင်းအဝင်မှာ ကူးစက်မှုပိုများလာနိုင်တဲ့အခြေအနေမှာရှိတယ်။ ဒီအခြေအနေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်းသိပါတယ်။ ဒီအတွက်ကို ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးတွေကို အရှိန်မြှင့်ပြီးတော့ ဆောင်ရွက်မယ်” လို့ ဒေါက်တာထွန်းမြင့်က Duwun ကို ပြောပါတယ်။



ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးက အေးတဲ့ရာသီဥတုမှာ ပိုမိုရှင်သန်ကူးစက်နိုင်တယ်လို့ ဆေးပညာအချက်အလက်တွေအရသိရပြီး မြန်မာနိုင်ငံမှာလည်းရာသီဥတုအေးချမ်းတဲ့ ဆောင်းရာသီကာလကို ရောက်ရှိလာတော့မှာဖြစ်လို့ ကိုဗစ်ကူးစက်မှု ပြန်ပြီးများလာနိုင်တဲ့သဘောမှာ ရှိတယ်လို့လည်း အမျိုးသားကာကွယ်ဆေးအကြံပေးကော်မတီဒုတိယဥက္ကဌ ဒေါက်တာစောဝင်းကလည်း အခုလို မှတ်ချက်ပြုပြောဆိုပါတယ်။

“ကမ္ဘာ့နိုင်ငံတွေမှာလည်း ဆောင်းရာသီမှာ ပြန်ပြီးများလာနိုင်တယ်လို့ပြောကြတယ်။ အမေရိကန်၊ အင်္ဂလန်၊ ကိုရီးယား၊ထိုင်း အခုဆို ဆရာတို့ နိုင်ငံလည်း တက်လာနေတာပေါ့။ ဆောင်းရာသီရောက်လာတာနဲ့အမျှ ပိုများလာနိုင်တယ်။ ဗိုင်းရပ်စ်ပိုးက နေရောင်ခြည်နဲ့ ဆို ပိုပြီးတော့ ကြာကြာမရှင်နိုင်ဘူး။ အခုတော့ ကူးစက်မှုကို အသားပေးတဲ့ ရာသီကိုရောက်လာပြီ။ လူတွေတော်တော်များများလည်း အိမ်ထဲမှာနီးနီးကပ်ကပ်နေကြတော့ ကူးနိုင်တယ်။ အဲဒီတော့ ဆောင်းရာသီမှာ ပိုပြီးများလာစရာရှိတယ်” လို့လည်း ဒေါက်တာစောဝင်းက ပြောပြပါတယ်။

ပိုပြီးများလာနိုင်တယ်ဆိုပေမယ့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်တာ၊ အသွားအလာကန့်သတ်နေထိုင်တာ စတဲ့လုပ်ငန်းနိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်မယ်ဆိုရင်တော့ လျော့နည်းသွားနိုင်တယ်လို့လည်း ဒေါက်တာစောဝင်းက အကြံပြုပါတယ်။

“ဆောင်းရာသီကြောင့် ကူးစက်မယ်လို့တော တသတ်မတ်တည်းပြောလို့မရဘူး။ ဒါကြောင့် နိုင်ငံတော်က ပေါက်မသွားအောင် နိုင်နိုင်နင်းနင်းလုပ်ပေးနေတယ်။ ဒါတွေနိုင်နင်းရင်လည်း လျော့သွားမယ်။ သတိထားရင်လည်း မမှားဘူးပေါ့” လို့လည်း ဆိုပါတယ်။ လာမယ့် ဆောင်းရာသီကာလမှာ လာနီညာ အားကောင်းလာပြီး ပုံမှန်ထက် အအေးပိုနိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပြီး ဗိုင်းရပ်စ်ပိုးဟာ အေးတဲ့ရာသီမှာ ပိုပြီးပွားများရှင်သင်နိုင်တယ်လို့ သုံးသပ်မှုတွေကြောင့် အထူးသတိထားကြဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက နိုဝင်ဘာ (၁၆) ရက်မှာထုတ်လွှင့်တဲ့ ကိုဗစ်-၁၉အစီရင်ခံစာမှာထည့်သွင်းပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က