ကိုဗစ်ကာလ ပထမအကြိမ်ထောက်ပံ့မှုအဖြစ် ဆန် ဆီဆား အပါအဝင် အခြေခံ စားသောက်ကုန် ၅ မျိုးကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကနေ ဖြန့်ဝေပေးခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ကိုဗစ်ကာလအတွင်းပြည်သူတွေကို အစိုးရက ပစ္စည်း ၅ မျိုး ထောက်ပံ့မှုပေးဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို ထုတ်ပေးရမယ့် ခရီးစရိတ် ငွေကျပ်သိန်း ၁၂၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ငါးလကြာတဲ့အထိ ထုတ်မပေးတဲ့အတွက် ခရိုင်ထွေအုပ်က စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှုးအနေနဲ့ အတိုင်ကြားခံထားရပြီးတိုင်ကြားမှုကိုခရိုင်အဆင့် ကော်မတီတစ်ခုဖွဲ့ကာ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယဦးစီးမှုး ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးမှုတွေလုပ်နေပြီလို့သိရပါတယ်။



"နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့တာ လမ်းစားရိတ် ခရီးစားရိတ်တွေပါတယ်။ ဒါကို မအူပင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝင်းဆန်းက ငါးလကြာတဲ့အထိ လက်ဝယ်ထားရှိထားတာ။ ကျွန်တော့်ကို ကျေးရွာတွေက လှမ်းပြီး ပြောကြတာ။ သူတို့က မြို့နယ်အုပ်ချုပ်ရေးမှုး တစ်ယောက်ဆိုတော့ မတိုင်ရဲကြဘူးလေ။ အဲဒါကြောင့် ကျွန်တော်က တိုင်တာ။"လို့ တိုင်ကြားခဲ့သူ ဦးစိုးမင်းရှိန်က ပြောပါတယ် ။

မအူပင်မြို့နယ်က ကျေးရွာအုပ်စု ၈၈ အုပ်စု၊ မြို့ပေါ် ၁၂ ရပ်ကွက်အတွက် နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့ခဲ့မှုမှာ ပါဝင်ခဲ့ကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို သယ်ယူစရိတ်အဖြစ် ကျပ်သိန်း ၁၂၀ ထုတ်ပေး ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ ခရီးစရိတ်ထုတ်ပေးငွေကို မအူပင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝင်းဆန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီ ဖြန့်ဝေပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။

ဒီကိစ္စ နှင့်ပတ်သက်ပြီး မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက“ကျွန်တော်တို့ဒီကိစ္စအတွက် ခရိုင်ရုံကခေါ်စစ်ဆေးခံထားရပါတယ်။ကျွန်တော့်ဘက်ကတော့ ပြောစရာမရှိပါဘူး။ တိုင်တဲ့သူ့ဘက်ကတင်ပြတာ တင်ပြတဲ့တစ်ပိုင်းဖြစ်ပါတယ် ၊ကျွန်တော်ကလည်းတင်ပြချက်အပေါ်မှာတော့ ကျွန်တော်တို့ကတာဝန်ပိုင်းအရဆောင်ရွက်ပေးရမယ့်ဟာဆက်သွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။ နိုင်ငံတော်က ပြည်သူတွေကို ကိုဗစ်ကာလ ပထမအကြိမ်ထောက်ပံ့မှုအဖြစ် ဆန် ဆီဆား အပါအဝင် အခြေခံ စားသောက်ကုန် ၅မျိုးကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကနေ ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က