လူနာရဲ့ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွာခြားပါတယ်။

ကိုဗစ်ကူးစက်ခံလူနာတစ်ဦးရဲ့ ကုန်ကျစရိတ်က ရောဂါလက္ခဏာပေါ် မူတည်ပြီး တစ်ဦးကို အနည်းဆုံး (၁၅)သိန်းနဲ့ အများဆုံးသိန်း (၅၀)အကြားမှာရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ် -၁၉ ရောဂါဖြစ်ပွါးမှု နောက်ဆုံးရအခြေအနေကို တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ရောဂါမပြင်းထန်တဲ့လူနာနဲ့ ပြင်းထန်တဲ့လူနာတွေအပေါ်မူတည်ပြီး ကုန်ကျစရိတ်တွေရှိနေတာလည်းဖြစ်ပါတယ်။



“ တစ်ယောက်က ကိုဗစ်ရောဂါပိုး ဝင်သွားပြီ အဲ့ဒီဟာကို ကုသပေးရတယ်ဆိုရင် ရောဂါမပြင်းထန်ရင်တောင်မှ တစ်ယောက်အတွက်ကုန်ကျစရိတ်က (၁၅)သိန်းနဲ့ သိန်း (၂၀)ကြားဖြစ်ပါတယ်။အဲဒါတိုက်ရိုက် ကုန်ကျစရိတ်လည်းပါတယ်။ သွယ်ဝိုက်တဲ့ကုန်ကျစရိတ်လည်းပါတယ်။ ဒါတစ်ယောက်ကိုပါ။ ပြင်းထန်တဲ့အဆင့်ရောက်သွားပြီဆိုရင် တစ်ယောက်အတွက်က (၂၅)သိန်းနဲ့ သိန်း (၅၀)ကြား အကုန်အကျခံရပါတယ်။"လို့ အတိုင်ပင်ခံကပြောခဲ့တာပါ။ ရောဂါမပြင်းထန်တဲ့လူနာတစ်ယောက်အတွက်အသုံးပြုရတဲ့ကုန်ကျစရိတ်က ကာကွယ်ဆေးရခဲ့ရင်လူ ၃၀၀ကိုထိုးပေးနိုင်တဲ့ပမာဏနဲ့ညီမျှတယ်လို့လည်း အတိုင်ပင်ခံက နှိုင်းယှဉ်ပြခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ရောဂါပိုးကူးစက်ခံထားရသူဦးရေ ကိုးသောင်းကျော်တစ်သိန်းနီးပါးကို အစိုးရက တာဝန်ယူကုသပေးနေတာပါ။ ဒါ့အပြင်ကိုဗစ်လူနာတွေအတွက်ကုန်ကျစရိတ်သာမကဘဲ ကွာရန်တင်းဝင်ယောက်နေသူတွေကိုလည်း အစိုးရစရိတ်နဲ့ထောက်ပံ့ပေးနေတာဖြစ်ပြီး တစ်ဦးကိုကုန်ကျစရိတ် ခြောက်သိန်းနီးပါးရှိတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။

ကိုဗစ်အလွန်စီးပွားရေးပြန်လည်ထူထောင်ရန်အတွက်လည်း ငွေကြေးကုန်ကျမှုတွေရှိဦးမှာဖြစ်တာကြောင့်ကုသရေးအတွက်သုံးတဲ့ငွေတွေကို စီးပွားရေးထူထောင်ရာမှာသုံးစွဲနိုင်မယ်ဆိုရင် ပိုကောင်းမှာဖြစ်လို့ ရောဂါမဖြစ်ပွားအောင်စည်းမျဉ်းတွေကို ဂရုစိုက်နေထိုင်ကြဖို့လည်း အတိုင်ပင်ခံက တိုက်တွန်းခဲ့ပါတယ်။

Share

Loading Next Article...
က္က