နေ့စဉ်လူနာသစ်ထောင်ချီတိုးနေတာကို လျှော့ချနိုင်မှသာသေဆုံးမှုတွေလျော့လာမည်ဟုဆို

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှုက ဆူနာမီလှိုင်းလုံးကြီးသဖွယ်ဖြစ်နေပြီး နေ့စဉ် လူနာအသစ် တစ်ထောင်ကျော် တိုးနေမှုကြောင့် ဆေးရုံတွေ၊ဆေးခန်းတွေနဲ့ ကိုဗစ်စင်တာတွေမှာ မနိုင်မနင်းဖြစ်နေပြီလို့ သွေးရည်ကြည်နဲ့ ကိုဗစ်လူနာများကို ကုသရေးအကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာရဲမြက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလကစတင်ကာ လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းအထိ နေ့စဉ် လူနာသစ်ဦးရေ (၁,၀၀၀) ကျော်နဲ့ သေဆုံးသူက (၃၀) ခန့်ရှိနေပြီး လှိုင်းလုံးကြီးကို ရင်ဆိုင်နေရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒေါက်တာရဲမြက ဆိုပါတယ်။ ဒီဇင်ဘာ (၅) ရက်က မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။



“ ဆူနာမီလှိုင်းလုံးလိုပဲ။ ဆူနာမီလှိုင်းတောင်မှ တစ်ရက်တည်း၊ခဏလေးနဲ့ ပြီးသွားတာ။ ကျွန်တာ်တို့က နေ့တိုင်းနေ့တိုင်း လူနာ (၁,၀၀၀) ကျော်တွေ့နေတယ်။ ဆရာဝန်တွေ ၊သူနာပြုဆရာမတွေ၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေ နေ့မအိပ်၊ညမအိပ်ဖြစ်နေပြီ။ စင်တာတစ်ခုမှာ လူနာ (၅၀၀) ၊ (၁,၀၀၀) ရောက်နေတဲ့အခါ ကျွန်တော်တို့ ဒါကို ဘယ်လိုလုပ်ကိုင်တွယ်နိုင်မလဲ။ ဒီလှိုင်းလုံးကြီး ကြီးလွန်းအားကြီးလို့ ရင်ဆိုင်ရတာ တော်တော်များပါတယ်။ ဒီပုံနဲ့ဆက်သွားရင် ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လောက်ကြာကြာခံနိုင်မလဲ။ ကျွန်တော်သိရသလောက် ကျန်းမာရေးဝန်ထမ်းတွေဟာ စနေ၊တနင်္ဂနွေ၊ ခွင့်မယူဘဲ အလုပ်လုပ်နေကြရပါတယ်” လို့ ပါမောက္ခ ဒေါက်တာရဲမြက ဆိုပါတယ်။

အခုလို နေ့စဉ် လူနာသစ် ထောင်ချီတိုးလာနေတာကို လျှော့ချနိုင်မှသာ သေဆုံးမှုတွေ လျော့လာနိုင်ပြီး ပြင်းထန်တဲ့လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်မှာဖြစ်သလို နိုင်နိုင်နင်းနင်းကုသပေးနိုင်မှာဖြစ်တယ်လို့လည်း ဒေါက်တာရဲမြက ပြောပါတယ်။

“ တစ်နေ့ တစ်နေ့ (၂၀)၊ (၃၀) သေတယ်ဆိုရင်ပဲ တစ်လ၊ တစ်လဘယ်လောက်ရှိပြီလဲ။ ဒီတိုင်းဘယ်လောက်ကြာကြာဆက်သွားမှာလဲ။ သူ့ဟာနဲ့သူ ပျောက်သွားမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း ကျွန်တော်တို့ မနိုင်ဘူး။ အချိန်နဲ့ ဒီရေနဲ့ ကိုဗစ်-၁၉ သည် လူကို မစောင့်ဘူးဆိုတာ ကျွန်တော် အမြဲတမ်းပြောပါတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါစောင့်ကုလို့ရပါတယ်။ ဆီးချိုရောဂါ တစ်လလောက် ဆေးမသောက်ရင် မသေနိုင်ပါဘူး။ ဒီရောဂါက နှစ်ပတ်၊သုံးပတ်အတွင်းမှာ သေနိုင်ပါတယ်။ "လို့ ပါမောက္ခ ဒေါက်တာရဲမြကဆိုပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေထဲမှာ (၈၀) ရာခိုင်နှုန်းလောက်က ရောဂါဖြစ်ပွားပြီး ပထမအပတ်အတွင်း ဖျားနာ၊ ချောင်းဆိုး၊ အနံ့အရသာ မရတာစသဖြင့် လက္ခဏာပြပြီး ပြန်လည်ကောင်းမွန်သွားကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့လူနာတွေကတော့ ရောဂါဖြစ်ပွားပြီး ပထမပတ်အတွင်းမှာ ဖျားနာ၊ချောင်းဆိုး စတဲ့ ရောဂါလက္ခဏာခံစားရနိုင်ကာ ဒုတိယပတ်အတွင်းမှာတော့ မောတာ၊အသက်ရှုစက်အသုံးပြုရတာတွေ ရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရကြောင်း ပါမောက္ခ ဒေါက်တာရဲမြကဆိုပါတယ်။ အဲဒီနောက် ပြင်းထန်လူနာတွေဟာ ရောဂါဖြစ်ပွားပြီး တတိယပတ်ကာလရောက်ရှိပါက ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးမရှိတော့ပေမယ့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးသွားခဲ့ကာ သေဆုံးသွားကြရတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က