သဘာဝရေတံခွန်၊တောင်ပေါ်ဒေသအလှတွေနဲ့ တိမ်ပင်လယ်တွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းမှာပါဝင်တဲ့ တောင်ပေါ်ဒေသတစ်ခုမှာ သဘာဝကပေးထားတဲ့ အလှတရားတွေနဲ့ပြည့်နှက်နေတာကြောင့် အဆိုပါနေရာကို တောင်ပေါ်အပန်းဖြေစခန်းတစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ သိရပါတယ်။

သဘာဝအလှတွေရှိတဲ့နေရာတစ်ခုဖြစ်လို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် စီစဉ်ဆောင်ရွက်တာဖြစ်ပြီး တောင်ပေါ်ဒေသဖြစ်တာကြောင့် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအကအလှတွေ၊ ရိုးရာအစားအစာတွေ၊ သဘာဝရှုခင်းတွေ၊ ရေတံခွန်နဲ့ တိမ်ပင်လယ်တွေကို ကြည့်ရှုခံစားရမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူ Duwun ကိုပြောပါတယ်။ 



“ အဓိက နေပြည်တော်ရဲ့ အရှေ့ဘက်တောင်တန်းဒေသပေါ့။ ပျဉ်းမနားမြို့နယ်အတွင်းမှာပါတဲ့ ပဒေါင်ကုန်းကျေးရွာအုပ်စုထဲက ကျေးရွာ (၃)ခုမှာက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝအလှတရားတွေရှိနေသလို ခရီးသွားတွေလာရင်လည်းအဆင်ပြေနိုင်တဲ အနေအထားရှိတဲ့အတွက် အခုလိုလုပ်ဖို့စီစဉ်လိုက်တာ။ အပန်းဖြေစခန်းဆိုပေမယ့် တကူးတကလုပ်ရမယ်ေ့နေရာတွေသိပ်မရှိဘူး။ သူ့ဘဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ တောင်ပေါ်ဒေသရှုခင်းတွေရှိမယ်။ ရေတံခွန်နဲ့ တိမ်ပင်လယ်တွေလည်းရှိတယ်”လို့ ဦးမင်းသူကပြောပါတယ်။

နေပြည်တော်က ပူပြင်းခြောက်သွေ့တဲ့ဒေသတစ်ခုဖြစ်ပေမယ့် အဆိုပါတောင်ပေါ်ဒေသက ပင်လယ်ရေမျက်နှာပြင် အမြင့် (၃၀၀၀)ကျော်မှာတည်ရှိတာကြောင့် အေးမြတဲ့ရာသီဥတုဒဏ်ကို ခံစားရမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီနေရာက နေပြည်တော်ရဲ့ တောင်ပေါ်မြို့လေးတစ်ခုအဖြစ် ကိုဗစ်အလွန်ကာလမှာ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမယ့်နေရာတစ်ခုဖြစ်လာနိုင်တယ်လို့ ဦးမင်းသူကပြောပါတယ်။ အဆိုပါတောင်ပေါ်ဒေသက နေပြည်တော်နည်ဆောက်ရေးကာလမှာ လုံခြုံရေးအတွက် ချထားတဲ့နေရာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးရော လျှပ်စစ်မီးပါ ကောင်းမွန်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

တောင်ပေါ်စခန်းအဖြစ် တည်ဆောက်တဲ့အခါမှာလည်း အထူးတလည်ပြုပြင်ရမယ့်နေရာတွေမရှိဘဲ သဘာဝကပေးထားတဲ့ အလှတရားတွေကိုသာ မပျက်စီးအောင်ပြုပြင်ထိန်းသိမ်းမှာဖြစ်လို့ နိုင်ငံတော် ဘတ်ဂျက်ငွေလည်း များစွာကုန်ကျသုံးစွဲစရာမလိုဘူးလို့ သိရပါတယ်။ နေပြည်တော်ကနေ အဆိုပါတောင်ပေါ်ဒေသကို သွားရောက်လိုတဲ့သူတွေအနေနဲ့ကတော့ အချိန် (၂)နာရီခန့်သာ ကြာမြင့်မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က