ကန့်သတ်ထားသည့်နေရာများတွင် နေထိုင်သူများသည် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုရန် တားမြစ်ထားပါတယ်။

မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်၊စကုမြို့ပေါ်ရပ်ကွက်အချို့တွင် ဒေသတွင်း ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ဒီဇင်ဘာ ၆ရက်နေ့မှစပြီး အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။

"စကုမြို့ပေါ် အချို့ရပ်ကွက်တွေမှာ ဓါတ်ခွဲအတည်ပြုလူနာများပြားလာတယ်၊ ဓါတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့သူများပြားလာတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထ်ိရောက်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ဒီဇင်ဘာ၆ရက်နေ့ကစပြီး အသွားအလာကန့်သတ် သတ်မှတ်ထားတယ်" လို့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောပါတယ်။



အသွားအလာကန့်သတ်ထားတဲ့ ရပ်ကွက်များမှာ အမှတ်(၃)ရပ်ကွက် ဖောင်တန်းရပ်၊ မင်းဘူး- စကု-ပွင့်ဖြူလမ်းမကြီးအနောက်ဘက် မန်းချောင်း၏တောင်ဘက်ရှိလမ်းသွယ်(၂) လမ်းအမည်မရှိ၊ စကုမြို့ ကျောင်းရွာရပ် မင်းဘူး-စကုလမ်းမကြီးတောင်ဘက်ခြမ်း၊ စကုမြို့အမှတ်(၁) ကျောင်းရွာတောင်ပ်ိုင်းရှိ (၁) လမ်းနှင့်စကုမြို့ အမှတ်(၁) ကျောင်းရွာတောင်ပိုင်းရှ်ိ (၂)လမ်းတို့ဖြစ်ပါတယ်။

"အခု ကျောင်းရွာကလူနာက(၆)ယောက်၊ ဖောင်တန်းကလူနာက(၄)ယောက်ရှိတော့ ထပ်ပြီးထိန်းချုပ်လွယ်အောင်၊ ထပ်ပြီးလည်းမပြန့်အောင် အဲ့ဒီ့နေရာလေးကိုအသွားအလာ ကန့်သတ်ပြီး ထိန်းချုပ်လိုက်တဲ့သဘောပါ ၊ ၁၂ရက် ၁၄ရက်နေ့လောက်မှ အဲ့ဒီကနေထပ်ပြီး caseတွေ မထွက်ဘူးဆိုရင် ပြန်ပြီးဖျက်သိမ်းပေးမှာပါ" လို့ ဒေါက်တာတင့်ခိုင်က ဆိုပါတယ်။

ဓာတ်ပုံ - မကွေးပို့စ်

အဆိုပါကန့်သတ်ထားသည့်နေရာများတွင် နေထိုင်သူများသည် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုရန်၊ ပြင်ပမှပြည်သူများအနေဖြင့် အထက်ပါနေရာများသို့ ဝင်ရောက်သွားလာခြင်းမပြုရန်၊အထက်ဖော်ပြပါ နေရာအတွင်း နေထိုင်သူများ၏ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန်ဖြစ်စေ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များ ပေါ်ပေါက်လျှင်ဖြစ်စေ အသွားအလာကန့်သတ်နေရာရှိ တာဝန်ကျသူများနဲ့ ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပြီးအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာတင့်ခိုင်က ပြောပါတယ်။

အခုလို ကန့်သတ်မှုတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ််ပြီး အရေးကြီးကိစ္စနဲ့ အပြင်သွားစရာရှိမယ်ဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

"အဲဒါကကျွန်တော်တို့ကကန့်သတ်လို့မရဘူး ကျန်းမာရေးဝန်ကြီးဌာန ဆေးရုံကကန့်သတ်တာပါ အဝင်အထွက်တွေကတော့ကန့်သတ်ထားတဲ့အတွက် ပိတ်ထားတယ်။အခက်အခဲရှိတာလိုအပ်တာတွေကိုတော့ရပ်မိရပ်ဖတွေနဲ့တိုင်ပင်ပြီး ဝယ်ပေးဖို့ပဲစီစဉ်ပေးထားတယ်။ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြရမယ်မှန်တယ်ဆိုရင်တော့လွှတ်ပေးရမှာပေါ့။အသွားအလာကန့်သတ်တာပဲဖြစ်တယ်။ Lock down လုံးဝတစ်ယောက်မှမထွက်ရဘူးဆိုတာမျိုးမဟုတ်ဘူး။ အသွားအလာကန့်သတ်တာ သူတို့ထဲကိုမဝင်ရဘူး၊ သူတို့ထဲကအရေး ကြီးတာအခက်အခဲရှိတာကိုသူတို့ရဲ့ရပ်ကွက်အုပ်ချုပ်ရေး တို့ဘာတို့ကိုတင်ပြရတယ်။တကယ်လို့အရေးကြီးတယ် မှန်တယ် သွားဖို့လိုအပ်တယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းတွေအတိုင်းလွှတ်ပေးမှာပေါ့"လို့ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ကံက ပြောပါတယ်။

မင်းဘူး(စကု)မြို့နယ်တွင် ယနေ့အချိန်ထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၃၃ယောက်ရှိပြီး၊ လက်ရှိဆေးရုံမှာတက်ရောက်ဆဲလူနာ (၁၆) ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းလူနာ (၁၁၇)ဦးနှင့် သေဆုံးလူနာ(၂)ဦးရှိကြောင်း သိရသည်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က