ပိုးတွေ့လူနာတွေကို စိစစ်မှုအရ ဒီလိုဆောင်ရွက်လိုက်တာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာတွေ့ရှိနေတဲ့ ကိုဗစ်-၁၉ပိုးတွေ့လူနာအများစုက ပျံကျဈေးတွေနဲ့နီးစပ်မှုရှိတာကြောင့် ဒီဈေးတွေရဲ့ ဖွင့်လှစ်မှုကို အထူးကြပ်မတ်လိုက်ပြီဖြစ်တယ်လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးက Duwun ကို ပြောပါတယ်။

ဒီလိုကြပ်မတ်ရာမှာတော့ ဈေးတွေရဲ့ ဖွင့်ချိန် ပိတ်ချိန်အပါအဝင် ဈေးသည်တွေရဲ့ ရောင်းချမှုတွေကို အလှည့်နဲ့ စီစဉ်လိုက်တာဖြစ်ပြီး ဒါတွေကို ဈေးသည်တွေရဲ့ သဘောတူညီမှုနဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။



" ဒါဟာ ကျွန်တော်တို့ မြို့နယ်အနေအထားနဲ့ ကျွန်တော်တို့ဆောင်ရွက်နေတာပါ။ ဆိုင်နည်းတဲ့ဈေးကတော့ နေရာလည်းအဆင်ပြေတော့ နေ့စဉ်ဖွင့်လို့ရတယ်။ လှည်းတန်းပေ၅၀ဈေး ကတော့ နှစ်ရက်ခြားတစ်ခါ အလှည့်ကျဖွင့်ရမယ် ၊ ဆင်မလိုက်ပျံကျဈေးကတော့ တစ်ရက်ခြား အလှည့်နဲ့ဖွင့်ကြ ရမယ်။ဒီလိုတင်းကြပ်လိုက်ရတာက ယာယီဈေးတွေရှိတဲ့ ပတ်ဝန်းကျင်မှာ positive လူနာ အရမ်းထွက်လာလို့ပါ။နေ့စဉ်ပိုးတွေ့လူနာကို စိစစ်ရင် ပျံကျဈေးရှိတဲ့ ရပ်ကွက်တွေက positive ထွက်နှုန်းများနေပါတယ်။အခုဈေးဆိုင်တွေအလှည့်ကျဖွင့်ဖို့ကလည်း ဈေးသည်တွေတင်ပြတဲ့နည်းလမ်းကို ကျွန်တော်တို့က စဉ်းစားပေးတာပါ။ဒီအတွက် ခေါ်ယူညှိနှိုင်းပြီးမှ လုပ်တဲ့ကိစ္စပါ " လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

ဒီလိုဆောင်ရွက်ဖို့အတွက် ညှိနှိုင်းမှုတွေကို လွန်ခဲ့တဲ့တစ်ပတ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုတစ်ပတ်မှာတော့ လက်တွေ့ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဆောင်ရွက်ဖို့အတွက်ကိုလည်း အသိပေးအကြောင်းကြားပြီးဖြစ်လို့ ချိုးဖောက်မှုတွေရှိလာရင် အရေးယူမှုတွေကိုလည်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

" ပျံကျဈေးတွေ မနက်၁၁နာရီမှာ ပိတ်ဖို့ဆိုတာက အရင်ကတည်းသတ်မှတ်ချက်ပါ ။ ပထမအကြိမ်မှာတော့ သတိပေးတာပါ ။ သတိပေးတာကို တောက်လျှောက်လုပ်ပြီးပြီဖြစ်တာကြောင့် အခုစည်းကမ်းမလိုက်နာပဲ ဆောင်ရွက်ရင် ဈေးယာယီရောင်းချခွင့်ရပ်ဆိုင်းမှာဖြစ်ပါတယ် အဲဒါကိုမှ နောက်ထပ်ကျူးလွန်ရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် " လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

ဒီလိုပျံကျဈေးတွေနဲ့ပတ်သက်ပြီး စည်းကမ်းတင်းကြပ်ကန့်သတ်မှုတွေကို ကမာရွတ်မြို့နယ်က အထူးစီမံဆောင်ရွက်နေတာဖြစ်ပြီး အခြားမြို့နယ်တွေမှာတော့ မရှိသေးဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

" ပျံကျဈေးတွေက ရပ်ကွက်အတိုင်းအတာနဲ့ ရောင်းချတာလောက်ပဲရှိပါတယ်။အဓိကက လူနေထူထပ်တဲ့ အမှတ်(၁)၊အမှတ်(၂)၊ ကျိုက်ဝိုင်းဘုရားတို့ အဲဒီဈေးသုံးခုလောက်ပဲ လူအများစည်တာပေါ့။နောက်ပြီး အဲဒီဈေးတွေကို ကန့်သတ်တာမျိုးတော့ ကျွန်တော်တို့ဆီတော့ မလုပ်ဖြစ်သေးဘူး။ဒီဈေးတွေက မိုးလင်းတစ်ခါ ၊ ညနေပိုင်းတစ်ခါ ခဏစည်တဲ့ အနေအထားပဲ။ဟင်းသီးဟင်းရွက်နဲ့ သားငါးသည် လောက်ပဲဆိုတော့ အထည်ဆိုင်တွေလည်း မဖွင့်ဘူးဆိုတော့ အဲဒီလိုတော့ မရှိသေးဘူး " လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က Duwun ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကမာရွတ်မြို့နယ်က ကိုဗစ်၁၉စည်းကမ်းသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးဆောင်ရွက်နေသလို ဒီဇင်ဘာလ ၄ရက်အထိ စာရင်းများအရ ပိုးတွေ့လူနာ ၁,၉၀၀ကျော်ရှိနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က