စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အစိုးရက ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
Mi Thawdar Aung

နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေးအတွက် အလေးထားစီစဉ်နေပြီး အလုပ်လုပ်နိုင်ဖို့က ပြည်သူတွေ ကျန်းမာနေဖို့ လိုအပ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ (၇) ရက် ည (၈) နာရီမှာထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ နိုင်ငံ့ရဲ့ စီးပွားနလန်ထူဖို့က အရေးကြီးပြီး အခြားနိုင်ငံတွေနဲ့ ပြိုင်နိုင်အောင် လုပ်ဆောင်ရမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဒီပြိုင်ပွဲမှာ အပြည့်အဝပါဝင်နိုင်ဖို့ အရေးကြီးကြောင်း၊ ဒါကြောင့် ဒီအချိန်မှာ ကျန်းကျန်းမာမာနေဖို့၊ သည်းညည်းခံကြဖို့၊ စည်းကမ်းထိန်းသိမ်းကြဖို့နဲ့ ရောဂါမဖြစ်အောင်နဲ့ ရောဂါမပွားအောင်နေကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့တာပါ။

“အလုပ်တွေ ရနိုင်တဲ့အချိန်ကျမှ ကိုယ့်ရဲ့ ကျန်းမာရေးမကောင်းလို့ ကိုယ်ကနေပြီးတော့ နောက်ကိုရောက်သွားမယ်ဆိုရင် ကိုယ်လဲနစ်နာတယ်။ ကိုယ့်ရဲ့ မိသားစုလည်းနစ်နာတယ်။ ကိုယ့်နိုင်ငံလည်းနစ်နာတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ထုတ်လွှင့်တဲ့ စီးပွားရေးအစီအစဉ်တွေကို နားထောင်စေလိုပြီး ကိုဗစ်ကာလနောက်ပိုင်း ကမ္ဘာကြီးမှာ ဘယ်လိုအသစ်အဆန်းတွေ တီထွင်နိုင်မလဲဆိုတာ စဉ်းစားတတ်စေဖို့ ပြင်ဆင်ထားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

“ ကျန်းမာရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ထုတ်လွှင့်တာကို ဂရုစိုက်ပြီး နားထောင်စေချင်တယ်။ ကိုယ့်ဘာသာကိုယ်လည်း လေ့လာစေချင်တယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း လေ့လာစေချင်တယ်။ အရေးကြီးဆုံးကတော့ ကျန်းမာအောင်နေဖို့ပါပဲ”လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်အောင်၊ ပြန်ပြီးတိုးတက်လာနိုင်အောင်နဲ့ အရင်တုန်းကထက်ပိုပြီး ကောင်းသွားနိုင်အောင်လို့ ကြိုးစားသွားမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


Author


က္က