ရန်ကုန်တက္ကသိုလ် အပါအဝင် ပညာရေးနယ်မြေအတွင်း နေထိုင်ကြသူ (၉) ဦးခန့်မှာ ကိုဗစ်ပိုးတွေ့ရပါတယ်။
Mi Thawdar Aung

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ နေထိုင်တဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်အချို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ကမာရွတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းထံကနေ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ကူးစက်ခံရတယ်လို့ သိရပြီး ကူးစက်ခံရသူ မိသားစုဝင်တွေထဲမှာ ကုမ္ပဏီရုံးဝန်ထမ်းအချို့ ပါဝင်ကာ အပြင်ထွက်သွားလာမှုတွေက တစ်ဆင့် ကူးစက်တာဖြစ်နိုင်ကြောင်း၊ မကြာသေးခင်က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲကြောင့် ကူးစက်တာမဟုတ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောပါတယ်။



“ ကူးစက်ခံရသူ ၃၊ ၄ ဦးတော့ ရှိမယ်ထင်တယ်။ ဒီမိသားစုတွေထဲမှာ ကုမ္ပဏီရုံးဝန်ထမ်းတွေလည်းပါတယ်။ သူတို့တွေက အပြင်ထွက်လိုက်၊ သွားလိုက်၊လာလိုက်နဲ့ ရုံးတို့ ဘာတို့လည်း သွားရတယ်လေ။ အဲဒီကတစ်ဆင့် ကူးစက်တာပါ။ နှစ်တစ်ရာပြည့်ကြောင့် ကူးတာမဟုတ်ဘူး”လို့ ဦးတင်ဝင်းက Duwun ကိုပြောပါတယ်။

ရန်ကုန်တက္ကသိုလ်အပါအဝင် ကမာရွတ်မြို့နယ်အတွင်းရှိ ပညာရေးနယ်မြေအတွင်း နေထိုင်ကြတဲ့သူတွေထဲမှာ ပိုးကူးစက်ခံရသူတွေက ကိုဗစ်ပထမလှိုင်းကတည်းက ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တစ်ရက်ကို တစ်ယောက်စ၊ နှစ်ယောက်စ တွေ့နေသေးတယ်လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

“ ဝန်ထမ်းတွေကလည်း ပြင်ပသွားတာ၊ ဈေးဝယ်တာတို့၊ ဒါတွေ ရှိနေတယ်ဆိုတော့ ဘယ်ကကူးတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ ရာပြည့်ပွဲမတိုင်ခင်ကတည်းကလည်း ကူးစက်မှုတွေ ရှိနေတာဖြစ်တဲ့အတွက် ဒီအတွက်ကြောင့်လို့ ကံသေကံမ ပြောလို့မရပါဘူး။ ပွဲကာလမှာလည်း ဝန်ထမ်းတွေက အပြင်ထွက်တာမျိုးမရှိပါဘူး” လို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပိတ်ရက်ကာလတုန်းက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ရာပြည့်သဘင်အထိမ်းအမှတ်ပြင်ဆင်ထားမှုတွေကို လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့တာကြောင့် တက္ကသိုလ်ဝင်းအတွင်းကို တာဝန်ရှိသူတွေက လွဲပြီး အပြင်လူတွေ ဝင်ခွင့်ကို တားမြစ်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိကမာရွတ်မြို့နယ်အတွင်းမှာကိုဗစ်ပိုးကူးစက်ခံရသူ (၂,၀၀၀)နီးပါးရှိနေပြီး ရန်ကုန်တက္ကသိုလ်အပါအဝင် ပညာရေးနယ်မြေအတွင်းနေထိုင်ကြသူ (၉) ဦးခန့် ကိုဗစ်ပိုးတွေ့ထားရတယ်လို့လည်း သိရပါတယ်။


Author


က္က