ကိုဗစ်စည်းကမ်းနဲ့ ညီတဲ့ စားသောက်ဆိုင်တွေကိုလည်း ဆက်လက် ဖွင့်လှစ်ခွင့်ပေးသွားမှာပါ။
Ei Ei Htun

ဒီဇင်ဘာလ (၄)ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက stay at home သတ်မှတ်ထားခြင်းမရှိတဲ့မြို့နယ်တွေက (A) အဆင့်ရှိတဲ့ စားသောက်ဆိုင်တွေကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက်မှာ ကိုဗစ်ကူးစက်မှုအခြေအနေတွေကိုကြည့်ပြီး ဖြေလျော့မှုတွေ ဆက်လုပ်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောပါတယ်။



လက်ရှိမှာ ကိုဗစ်စည်းကမ်းနဲ့ ညီတဲ့(A)အဆင့်ရှိတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စားသောက်ခွင့်ပြုထားပေမယ့် stay at home အဖြစ်သတ်မှတ်ထားတဲ့ တိုင်းနဲ့ပြည်နယ်တွေက စားသောက်ဆိုင်တွေတော့ ပါဝင်ခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

“ ဆိုင်ထိုင်စနစ်နဲ့ စားသောက်ခွင့်တွေကို stay at home အစီအစဉ်မှာ မပါတဲ့မြို့နယ်တွေမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးပြီး သတ်မှတ်စည်းမျဉ်းတွေနဲ့ အညီ အဆင့် (A) ရရှိရင်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ရောဂါကူးစက်မှုပေါ်မူတည်ပြီးတော့ ဖြေလျော့မှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီဇင်ဘာလ (၄)ရက်နေ့မှာ (A)အဆင့်ရှိလို့ ပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ ဆိုင်ပေါင်း (၈၀၀၀)ကျော်ရှိပါတယ်။  ဖွင့်လှစ်ခွင့်ရတဲ့ဆိုင်တွေထဲမှာ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်တွေပါဝင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ခြင်းရှိ ၊မရှိကို အထူးကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိရင်လည်း အရေးယူမှုတွေပါ လုပ်ဆောင်မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေတဲ့ စားသောက်ဆိုင်တွေကိုလည်း ဆက်လက်စစ်ဆေးကာ ဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်သလို ရောဂါကူးစက်မှုပေါ်မူတည်ပြီး တခြားစည်းမျည်းတွေကိုလည်း ဖြေလျော့မှုတွေလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က