မြို့တော်ဝန်ရဲ့ PSO မှာပါ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် အနီးကပ်ထိတွေ့ခဲ့သူတွေ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ မြို့တော်ဝန်ရဲ့ဇနီးအပါအဝင်အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း(၅)ဦးမှာ ထပ်မံပြီး ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ 

ဒီဇင်ဘာလ (၈)ရက်နေ့က မြို့တော်ဝန်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အနီးကပ်ထိတွေ့ခဲ့သူတွေကို စစ်ဆေးရာမှာ မြို့တော်ဝန်ရဲ့ ဇနီးနဲ့ PSO အပါအဝင် နေအိမ်ခြံဝန်းအတွင်းကအလုပ်သမား (၂)ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာ အားလုံးကို တောင်ဥက္ကလာပဆေးရုံမှာ ဆေးကုသမှုတွေပေးနေပြီး အားလုံးကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ 



" မြို့တော်ဝန်အပါအဝင် အားလုံးဒီမှာပဲ တက်ရောက်ကုသမှုခံယူနေတာပါ။ မြို့တော်ဝန်မှာက သူ့ ရောဂါအခံတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုးရောဂါတွေတော့ရှိတယ်။ ကျန်းမာရေးအခြေအနေကတော့ ဆိုးဆိုးရွားရွားမရှိပါဘူး။ အားလုံးလည်း ကျန်းမာရေးကောင်းမွန်ပါတယ်" လို့ တောင်ဥက္ကလာပမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက Duwun ကိုပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မြိုကတော်ဝန်ဦးမောင်မောင်စိုးဟာရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအပါအဝင် ဈေးတွေမှာ ကိုဗစ် (၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးမကောင်းလို့ ဆေးစစ်ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

မြို့တော်ဝန်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့မှုနဲ့ ပတ်သက်လို့ သူနဲ့ထိတွေ့ခဲ့တဲ့ အစိုးရအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေကိုလည်း သေချာ စစ်ဆေးမှုတွေလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ထိတွေ့ခဲ့သူတွေနဲ့ ပတ်သက်လို့ စစ်ဆေးဆောင်ရွက်နေဆဲလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က