ဒီဇင်ဘာလနောက်ဆုံးပတ်မှာ ဒီခရီးစဉ်တွေ စတင်နိုင်မယ်လို့ သိရပါတယ်။

ကိုဗစ်ကာလ ခရီးသွားလုပ်ငန်းတွေ ပြန်လည်မစတင်နိုင်ခင်ကာလမှာ ရန်ကုန်မြို့တွင်းခရီးစဉ်အဖြစ် ဝေဟင်ကနေ ရှုခင်းကြည့်နိုင်မယ့် လေယာဉ်ခရီးစဉ်နဲ့ ရန်ကုန်မြစ်အတွင်းကနေ ညနေခင်းအလှကို ကြည့်ရှုနိုင်မယ့် သင်္ဘောခရီးစဉ်တွေ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ ခရီးစဉ်နှစ်ခုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ကျန်းမာရေးစံသတ်မှတ်ချက်တွေအတွက် ညှိနှိုင်းနေပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။



" ဒီဇင်ဘာထဲမှာ စဖို့တော့လုပ်နေပါတယ်။ ဒါပေမယ့် ပထမပတ် ဒုတိယပတ်ကတော့ မဖြစ်နိုင်ပါဘူး။ တတိယပတ်နဲ့စတုတ္ထပတ်ထဲမှာတော့ စမ်းသပ်ပျံသန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီတစ်ပတ်နဲ့ နောက်တစ်ပတ်ထဲမှာ လေကြောင်းလိုင်းနဲ့ ထပ်ပြီး ဆွေးနွေးဖို့ ရှိပါသေးတယ်။ တကယ်လို့ မရသေးဘူး ဆိုရင်လည်း ဇန်နဝါရီထိအောင် ရွှေ့သွားရမှာ။လောလောဆယ်က တိကျခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတွေ ၊ စည်းကမ်းတကျဖြစ်ဖို့တွေ လိုပါတယ်။ပြည်တွင်း River Cruise ကတော့ ပိုပြီးမြန်နိုင်မယ်ထင်တယ်။သူက သင်္ဘောကကြီးတော့ ပိုပြီးလည်း လူလက်ခံနိုင်တယ်။ဈေးနှုန်းလည်းညှိပြီးနေပါပြီ။ မကြာခင်ထုတ်ပြန်ဖို့ လုပ်ပါမယ်။အဓိကက ကျန်းမာရေးစစ်ဆေးဖို့ပဲ လုပ်နေရတယ်။ကျွန်တော်တို့ အဓိကလုပ်ချင်တာကလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ထောက်ခံချက် ၊ စစ်ဆေးချက်တွေလိုချင်တယ်။အဲဒါတွေပါမှ ခရီးသွားလက်ခံ လို့ရမယ့်အနေအထားသွားချင်တယ်။ကျန်းမာရေးဝန်ကြီးဌာနဘက်ကနေ ဒါကို စစ်ဆေးပေးဖို့လိုတယ်" လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။

ဒီခရီးစဉ်တွေက ကိုဗစ်ကာလအပြီး ပြန်လည်စတင်မယ့် မြန်မာ့ခရီးသွားလုပ်ငန်းတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းချက်တွေကို ပဏာမစမ်းသပ်ကြည့်မယ့် ခရီးစဉ်တွေအဖြစ်ပဲ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က ပြောပါတယ်။

" ဒီဟာသည် တကယ်တမ်း ခရီးသွားတဲ့ပုံစံမျိုးထက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေရှိတယ်။အဲဒီလုပ်ထုံးလုပ်နည်းတွေနဲ့ ခရီးသွားတွေပြန်ဖွင့်မယ်ဆို လိုက်နာရမယ့် စည်းကမ်းချက်တွေပေါ့ အဲဒါတွေကို လက်တွေ့အသုံးချကြည့်ဖို့က ခရီးစဉ်မရှိသေးဘူးဖြစ်နေတာ။ဒါကို စမ်းသပ်ခရီးစဉ်တစ်ခုအနေနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။ ဒီလိုဆောင်ရွက်လိုက်မှသာ ခရီးသည်တွေကလည်း ဘာတွေကြိုပြင်ဆင်ထားရမယ် ၊ လုပ်ငန်းတွေဘက်ကလည်း ဘာတွေပြင်ရမယ်ဆိုတာ ကြိုတင်သိမှာပေါ့။protocol တွေ standard operation procedure တွေရှိပါတယ်။အဲဒါတွေနဲ့အညီ ဆောင်ရွက်နိုင်ခြင်းရှိမရှိကို စမ်းသပ်ချင်တဲ့ ခရီးစဉ်တွေပဲ ဖြစ်ပါတယ်။ခရီးသွားတွေ ဖွင့်ပေးတာမဟုတ်သေးပါဘူး။ဖွင့်ရင် အဆင်သင့်ဖြစ်အောင် ကြိုပြင်တဲ့သဘောပါ။ဒါပေမယ့် ဒီခရီးစဉ်တွေက ပြင်ပက ခရီးသည်တွေ လိုက်လို့ရပါတယ်။ကျွန်တော်တို့ ကြေညာပေးပါ့မယ် " လို့ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ကိုဗစ်ကာလသတ်မှတ်ချက်တွေကြောင့် နယ်ကျော်သွားလာနိုင်ခြင်းမရှိတဲ့အပြင် ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်တွေကြောင့် လမ်းခရီးရပ်နားဖို့ အခက်အခဲရှိတဲ့အတွက် ရန်ကုန်မြို့ပတ်ရှုခင်းကြည့်နိုင်တဲ့ လေယာဉ်နဲ့သင်္ဘောခရီးစဉ်ကိုပဲ ဆောင်ရွက်မှာဖြစ်ပြီး ခရီးစဉ်တစ်ခုကို အစားအသောက်အပါအဝင် လေယာဉ်ခရီးစဉ်အတွက် ဒေါ်လာတစ်ရာဝန်းကျင် ၊ သင်္ဘောခရီးစဉ်အတွက် ငွေကျပ်တစ်သောင်းခွဲဝန်းကျင် ကုန်ကျနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

Share

Loading Next Article...
က္က