ပါတီကတိုင်ကြားတဲ့အမှုပေါင်း ၁,၀၀၀ကျော်မှာ ၅၀အထက်က ခိုင်မာတယ်လိုပါတီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားထားတဲ့အမှုတွေထဲမှာ အနိုင်ရနိုင်တဲ့အမှုက ၅၀ကျော်ရှိလို့ ရွေးကောက်ပွဲကော်မရှင်သာသမာသမတ်ကျမယ်ဆိုရင် နေရာ ၅၀နဲ့အထက်ပြန်အနိုင်ရနိုင်တယ်လို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲရဲ့ တရားမဲ့ပြုကျင့်မှု ၊ ရွေးကောက်ပွဲမသမာမှုတွေကို ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကော်မရှင်အဖွဲ့ခွဲအသီသီးမှာ အမှုပေါင်း(၁,၀၀၀) ကျော်တိုင်ကြားထားပြီး ဒီထဲမှာ အမှုပေါင်း (၅၀) ကျော်က ခိုင်မာနိုင်တယ်လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိက ပြောကြားလိုက်ပါတယ်။



သတ်မှတ်ချက်အရ ဖြစ်စဉ်ဖြစ်ပေါ်ချိန်မှာ ကော်မရှင်အဖွဲ့ခွဲကို တင်ပြရမှာဖြစ်တဲ့အတွက် ဖြစ်စဉ်(၁,၀၀၀) ကျော်တင်ပြ တိုင်ကြားခဲ့တာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ငါးသိန်းတင်ပြီး ရွေးကောက်ပွဲမသမာမှုအနေနဲ့ ခိုင်မာစွာ တိုင်ကြားနိုင်တဲ့ အမှုကတော့ (၅၀)အထက် ရှိနိုင်မယ်လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားလိုက်တာပါ။

" ဘာလို့တိုင်ရလဲဆို ၄၅ရက်အတွင်းမှာ UEC ကိုတင်ရမယ့် တရားမဲ့ပြုကျင့်မှုတွေရှိပါတယ်။ အဲဒီ တရားမဲ့ ပြုကျင့်မှုတွေမှာ စီရင်ထုံးတွေမှာ ဘာပါလဲဆိုတော့ အဲဒီအချိန်အခါ ဖြစ်စဉ်တုန်းက ဘယ်ကော်မရှင် အဖွဲ့ခွဲကို တင်ပြတိုင်ကြားထားပါသလဲဆိုတာ ရှိပါတယ်။ဒါကြောင့် ဖြစ်ဖြစ်ချင်းကို သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကို တိုင်ကြားတာသည် ၁၁၂၈မှု ဖြစ်ပါတယ်။ဒီထဲက သက်သေခံ အထောက်အထားခိုင်ခိုင်မာမာ တည်ဆောက်ပြီး ၄၅ရက်အတွင်း ပိုက်ဆံငါးသိန်းတင်ပြီး ရွေးကောက်ပွဲမသမာမှုအနေနဲ့ တင်ပြရမယ့် ကိစ္စကို အမှုတည်ဆောက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ အနည်းဆုံး အမှုပေါင်း ၅၀အထက်မှာဖြစ်ဖို့များ ပါတယ်။အားလုံးကတော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်တာတွေချည်းဖြစ်ပါတယ် " လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိတိုင်ကြားထားတဲ့အမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သမာသမတ်ကျကျစီရင်မယ်ဆို ပြည်ခိုင်ဖြိုးပါတီအနေနဲ့ နေရာတော်တော်များများ ပြန်လည်ရရှိနိုင်တယ်လို့လည်း ဦးသိန်းထွန်းဦးက သုံးသပ်ထားပါသေးတယ်။ ဒီအမှုတွေကို လက်ရှိကော်မရှင်လက်ထက်မှာ မပြီးပြတ်နိုင်ရင်လည်း နောင်လာမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လက်ထက်အထိ ဆောင်ရွက်နိုင်တယ်လို့ ဦးသိန်းထွန်းဦးက ပြောကြားထားပါတယ်။

" ၄၅ရက်အတွင်းမှာ တင်ပြတဲ့ တရားမဲ့ပြုကျင့်မှုတွေက အခု UEC မီချင်မှ မီမယ် ။ တတိယအကြိမ်ပေါ်ပေါက်လာတဲ့ UEC လက်ထက်ဖြစ်ကောင်းဖြစ်မယ် ။ မည်သို့ဖြစ်စေ ဒါသည် အနိုင်ရပါတီကနေ လုပ်ရတဲ့ UEC ဖြစ်တဲ့အတွက် ဘယ်ရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ် ဆုံးဖြတ် မူလစီရင်ထုံးများကို မပစ်ပယ်ဘဲ တကယ်သမာသမတ်ကျကျ ဆုံးဖြတ်စီရင်မယ်ဆို ကျွန်တောတို့ပါတီဟာ ပြန်လည်ပြီးတော့ နေရာတော်တော်များများ ပြန်လည်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။သမာသမတ်ကျကျ လုပ်ဆောင်ပေးဖို့ကိုလည်း ယခုထဲက တိုက်တွန်းပြောကြားလိုပါတယ် " လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲမသမာမှု ၊ တရားမဲ့ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်အမှု (၁၇၁)မှု နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ တိုင်ကြားထားတဲ့ အမှုပေါင်း (၁,၁၂၈)မှု ရှိနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က