"ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီစွာ တိတိကျကျ ကျွန်မတို့ လုပ်မှာဖြစ်ပါတယ်။"

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းတွေ ပျံသန်းနိုင်ဖို့ စီစဉ်နေပြီး အစောဆုံး ပြန်လည်ပြေးဆွဲခွင့်ပြုဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ (၁၁) ရက်မှာ ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။



“ ပြည်တွင်းလေကြောင်းတွေကို ပျံသန်းဖို့ ကျွန်မတို့ စစီစဉ်နေပါပြီ။ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီစွာ တိတိကျကျ ကျွန်မတို့ လုပ်မှာဖြစ်ပါတယ်။ ပြည်ပလေကြောင်းများ ပံျသန်းဖို့ အဝင်အထွက်၊ သာမန်ပုံစံဘက်ကို ဦးတည်ဖို့ဆိုတာကလည်း ကျွန်မတို့စပြီး စီစဉ်နေပါပြီ။ အစောဆုံးဖြစ်အောင်လုပ်ပါမယ်။ ဒီလိုပြည်တွင်းရော ပြည်ပရော လေယာဉ်ပျံ ပျံသန်းမှုရှိနိုင်ရေး၊ ဆက်သွယ်ရေးကောင်းရေး ၊ပြန်ပြီးတော့ ကူးလူးဆက်ဆံမှု ကျွန်မတို့မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးဆိုတာကလည်း ကျွန်မတို့ရဲ့ တိုးတက်ရေး ပြန်ပြီးတော့ မြန်အောင်လို့ ဖြစ်ပါတယ်” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Photo: Myanmar State Counsellor Office

ဒီလို တိုးတက်ရေးဆောင်ရွက်ရာမှာ စက်ရုံအလုပ်ရုံတွေကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး Stay at Home မဟုတ်တဲ့ မြို့နယ်တွေမှာလည်း ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကိုလည်း ဖွင့်လှစ်ဖို့ ပြန်ပြီး ခွင့်ပြုမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ ဒီလိုအကန့်အသတ်တွေကနေ မြန်မြန်ဆန်ဆန် လွတ်မြောက်လိုတယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေ၊ အထူးသဖြင့် ရန်ကုန်ပြည်သူတွေ သတိထားပြီး ကိုဗစ်ရောဂါမပြန့်ပွားရေးအတွက် ကူညီကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

အစိုးရအနေနဲ့လည်း အထူးသဖြင့် Stay at Home နေရာတွေ ၊တစ်ချို့ကဏ္ဍတွေမှာ ဖြေလျှော့ပေးနေပြီး ဒီလိုဖြေလျှော့ပေးရတဲ့အကြောင်းရင်းကလည်း သာမန်အနေအထားကို အမြန်ဆုံးရောက်ချင်တာကြောင့် ကြိုးစားတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲခြင်းကို မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကုန်က စတင်ရပ်နားထားခဲ့ပြီး အခုဆို (၉)လကြာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲခြင်းကိုလည်း ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့စက်တင်ဘာလဆန်းပိုင်းကတည်းကနေ လက်ရှိကာလအထိ ပိတ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က