ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသွင်ယူဖမ်းဆီးလိုက်တာပါ။
Mi Thawdar Aung

ဗိုလ်တစ်ထောင်မြို့နယ်မှာ လူတစ်ဦးကို ကျပ်ခြောက်သောင်းနှုန်းနဲ့ အိမ်တိုင်ရာရောက် ကိုဗစ်ပိုး လိုက်လံစစ်ဆေးပေးနေတဲ့ ဆရာဝန်တစ်ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ 

ဖြစ်စဉ်မှာ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက သူ့မှာ ကိုဗစ်ပိုးရှိနေတယ်ဟုဆိုကာ ဆေးရုံကိုလာရောက်ဆေးကုသမှုခံယူစဉ် လူနာက သူ့အနေနဲ့ ကိုဗစ်-၁၉ ပိုးရှိ/မရှိကို အိမ်မှာ ခေါ်ယူစစ်ဆေးခဲ့ပြီလို့ ပြောကြားခဲ့တာကြောင့် Test Kit တွေသုံးပြီး တရားမဝင်နည်းလမ်းနဲ့ အိမ်တွေမှာ ကိုဗစ်လိုက်လံစစ်ဆေးပေးတဲ့ ကိစ္စပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

“ လူနာကတော့ ဆေးရုံရောက်တဲ့အခါ ကိုဗစ်-၁၉ သူစစ်ဆေးပြီးကြောင်း ပြတဲ့အခါမှာ အိမ်မှာခေါ်စစ်တာကို သိရှိသွားတာပါ။ အဲဒါနဲ့ထပ်ပြီး စစ်ဆေးမေးမြန်းတဲ့အခါ အဲဒီလိုက်စစ်ပေးတဲ့သူက သူ့ကို ဖုန်းဆက်လိုက်ရင် အိမ်မှာလာစစ်ပေးမယ်။ လိပ်စာပေးမယ်။ ဘယ်နှစ်ယောက်စစ်မှာလဲ။ စစ်မယ်ဆိုရင် တစ်ယောက်ကို ခြောက်သောင်းပေးရမယ် အဲဒီလိုပြောပါတယ်။ မြို့နယ်တော်တော်များများမှာလည်း အဲဒီလို အိမ်မှာ လိုက်စစ်ဆေးနေတယ်လို့သိရပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေဆိုရင်လည်း ကုမ္ပဏီမှာ ခေါ်ပြီးတော့ လူများများနဲ့ စစ်လိုက်တာတွေ ရှိတယ်လို့သိရတယ်။” လို့ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဇင်မင်းမင်းလတ်က Duwun ကိုပြောပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်ဗဟိုကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ကိုဗစ်လိုက်လံစစ်ဆေးပေးတဲ့ ဆရာဝန်ကို အသွင်ယူဆက်သွယ်ကာ ဒီဇင်ဘာ (၈) ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့လည်း သိရပါတယ်။

ကိုဗစ်ပိုးရှိ၊မရှိကို ဆေးရုံတွေ၊ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ကိုဗစ်ကုသရေးစင်တာ ၊ ကွာရန်တင်းစင်တာစတဲ့ နေရာတွေမှာသာ စစ်ဆေးနေပြီး Test Kit တွေသုံးကာ အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးနေခြင်းက တရားမဝင်သလို PPE ဝတ်စုံကဲ့သို့ ရောဂါကာကွယ်ရေးပစ္စည်းအပြည့်အစုံမပါဘဲ အိမ်တွေသွားပြီး စစ်ဆေးနေခြင်းက ရောဂါပိုး ပိုဖြန့်သလို ဖြစ်နေတယ်လို့လည်း မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာ ဒေါ်ဇင်မင်းမင်းလတ်က သတိပေးပြောကြားပါတယ်။

“ အိမ်တွေမှာ ဘယ်သူ့တွေကိုမှ လိုက်စစ်ခွင့်မပြုထားဘူး။ အပြင်ပုဂ္ဂလိက ဘယ်ဆေးရုံ၊ဆေးခန်းမှ စစ်ခွင့်မပေးသေးဘူး။ RDB Test Kit နဲ့စစ်မယ်ဆိုရင် ဘယ်နေရာမှာစစ်ရမလဲ။ ဘယ်လိုမျိုး ဝတ်စားရမလဲဆိုတာ လမ်းညွှန်ချက်တွေ အကုန်ရှိထားပြီးသားဖြစ်ပါတယ်။ ဒီလို လွယ်လွယ်ကူကူလိုက်စစ်နေတာက သူကိုယ်တိုင်ကလည်း ရောဂါဖြန့်နေသူဖြစ်နေနိုင်တယ်။ ပြည်သူတွေအနေနဲ့က ကိုယ့်မှာ ရောဂါဖြစ်တယ်ဆိုရင် သက်ဆိုင်ရာကျန်းမာရေးဌာနကို အကြောင်းကြားပါ။ ကိုဗစ်မပြန့်ပွားဖို့ဆိုရင် ဒီလို အိမ်တိုင်ရာရောက်စစ်ဆေးတာတွေမလုပ်စေချင်ဘူး။ ဒီအဖြေတွေ မှန်သလား၊ မှန်သလားဆိုတဲ့ အာမခံချက် မပေးနိုင်ဘူး” လို့ ဒေါက်တာဒေါ်ဇင်မင်းမင်းလတ်က ဆိုပါတယ်။ 

လက်ရှိမှာ တရားမဝင်နည်းလမ်းနဲ့ အိမ်တိုင်ရာရောက်ကိုဗစ်ပိုးလိုက်လံစစ်ဆေးနေတဲ့ဆရာဝန်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အက်ဥပဒေပုဒ်မ (၂၅/၂၉)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း ဗိုလ်တစ်ထောင်မြို့မရဲစခန်းကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က