တိုင်းရင်းသားပါတီတွေက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေမှာ ပါဝင်သင့်တဲ့သူတွေကို တင်ပြလာပါက NLD အနေနဲ့ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။

အစိုးရအသစ် ပြန်လည်ဖွဲ့စည်းရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လူဟောင်းတွေ ပြန်ပါမှာဖြစ်သလို အသစ်တစ်ချို့လည်း ပါဝင်မှာဖြစ်ပြီး လူဟောင်း ဘယ်လောက်ရာခိုင်နှုန်းခန့် ပြန်ပါဝင်နိုင်မလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ အာဏာရပါတီ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်

ဒီကနေ့ ဒီဇင်ဘာ (၁၂) ရက်က နေပြည်တော်ရှိ ပါတီရဲ့ ယာယီဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အစည်းအဝေးအပြီး ဒေါက်တာမျိုးညွန့်ကပြောဆိုလိုက်တာပါ။ အစိုးရအသစ် ဖွဲ့စည်းရာမှာ အဖွဲ့ချုပ် မူဝါဒကို လိုက်နာနိုင်သူ၊ ပြည်သူကလက်ခံနိုင်တဲ့သူ ဖြစ်ရမှာဖြစ်ပြီး ကိုယ်တိုင်ကကလည်း အရည်အသွေးနဲ့ ပြည့်ဝတဲ့သူ ဒီအချက်တွေအပေါ်မှာ မူတည်ပြီး ထည့်သွင်းစဉ်းစားမယ်လို့ ပြောထားခဲ့ပြီဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။



ဓာတ်ပုံ- ဆူးနစ် (NPT)

“ ရာခိုင်နှုန်းနဲ့ သတ်မှတ်ပြီးတော့ မရွေးပါဘူး။ အရည်အချင်းရှိရင် ရှိသလို ရွေးချယ်ပါမယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ တုံ့ပြန်မှု၊ ပြည်သူတွေရဲ့ အသံကလည်း ကျွန်တော်တို့ရွေးချယ်မှုမှာ သက်ရောက်မှုရှိတဲ့အတွက် အတိအကျပြောဖို့ ခက်ပါတယ်။ အရင်အစိုးရနဲ့တော့ မတူဘူး။ အဟောင်းလည်းပါမယ်။ အသစ်တစ်ချို့လည်းပါမယ်” လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

လက်ရှိမှာ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ် တွေရွေးချယ်ဖို့ကိုလည်းစဉ်းစားနေဆဲပဲဖြစ်ပြီး လွှတ်တော် ခေါ်ပြီးမှသာ အစိုးရဖွဲ့ရမှာဖြစ်တဲ့အတွက် အလျင်မလိုကြောင်း၊ လိုအပ်သလို ပြင်ဆင်နိုင်အောင် အချိန်ပေးမှာဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ဆက်ပြောပါတယ်။

NLD အနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ တိုင်းရင်းသားပါတီတွေဘက်က ပြည်ထောင်စုအစိုးရ၊ပြည်နယ် အစိုးရတွေမှာ ပါဝင်သင့်တဲ့သူတွေကို တင်ပြလာမယ်ဆိုရင် NLD အနေနဲ့ ထည့်သွင်းစဉ်းစားမှာဖြစ်သလို ပြန်လည်ညှိနှိုင်းမှုတွေ လုပ်ဆောင်မယ်လို့လည်း ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်က ဆိုပါတယ်။ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ (၂၀၂၀)ခုနှစ် နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ (၈၃) ရာခိုင်နှုန်းကျော် အနိုင်ရထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က