ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များကလွဲပြီး ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ ညွှန်ကြားချက်အားလုံး အကျုံးဝင်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သတ်မှတ်ထားတဲ့ကိုဗစ်စည်းကမ်းချက်တွေထဲက ဖြေလျော့ပေးထားတဲ့ကိစ္စရပ်တွေကလွဲပြီး ကျန်စည်းကမ်းသတ်မှတ်ချက်တွေကို ဒီဇင်ဘာလ (၃၁)ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဒီကနေ့ ဒီဇင်ဘာလ (၁၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များကို ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားရာက ဒီကနေ့မှာတော့ နောက်ထပ် ၁၅ ရက် (ဒီဇင်ဘာလ ၃၁ ရက်) အထိ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ထားပါကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ stay at home အစီအစဥ်များ၊ ညမထွက်ရအမိန့် ၊ ကေတီဗီ၊နိုက်ကလပ်များဆက်လက်ပိတ်ထားရန်၊ ဘုရားစေတီများပိတ်ထားရန် စတဲ့ စည်းကမ်းချက်တွေ ဆက်လက်အသက်ဝင်နေဦးမှာဖြစ်ပါတယ်။

ယခင်ကန့်သတ်ချက်များမှာပါဝင်ခဲ့တဲ့ စားသောက်ဆိုင်များ ပါဆယ်စနစ်နဲ့ ရောင်းချ‌ရေးမှာတော့ stay at home အစီအစဥ်မှာ အကျုံးမဝင်တဲ့ မြို့နယ်များကို ယခုလပထမပတ်အတွင်းမှာ ဖြေလျှော့လိုက်ပြီဖြစ်ပြီး ဆိုင်ထိုင်ရောင်းချခွင့် စတင်ပေးလိုက်ပါပြီ။

ဒါ့အပြင် ပြည်တွင်းခရီးသည်တင်လေကြောင်းလိုင်းများပြေးဆွဲမှုကို ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ပြေးဆွဲခွင့်ပြုတော့မှာ ဖြစ်သလို ပြည်ပခရီးသည်တင်လေကြောင်းလိုင်းများ ပြေးဆွဲမှုကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ခွင့်ပြုဖို့ စီစဥ်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က