ယာဉ်ထိန်းရဲတပ်သား အယောက်(၆၀)ကျော်ကိုတော့ ကွာရန်တင်းထားရှိထားပါတယ်။

နေပြည်တော် တိုင်းယာဉ်ထိန်းရဲရုံးက ယာဉ်ထိန်းရဲ့တပ်သား နှစ်ဦးမှာ ပိုးတွေ့ရှိခဲ့တာကနေ အစပြုလို့ အယောက် (၂၀)ကျော်ထိ ပိုးတွေ့ရှိခဲ့တာကြောင့် လက်ရှိမှာ တိုင်းယာဉ်ထိန်းရဲရုံးကို lock down ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ကနဦး ပိုးတွေ့ရဲတပ်သားနှစ်ဦးကြောင့် ယာဉ်ထိန်းရဲတပ်သား အယောက် (၈၀)ကျော်ကို ကွာရန်တင်းထားရှိပြီး စစ်ဆေးရာက နောပ်ထပ် (၂၀)ကျော် ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ ပိုးတွေ့တွေများလာလို့ အခုတော့ lock down လုပ်ထားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး နှစ်ယောက်စတွေ့ရာကနေ တဖြေးဖြေးပိုးတွေ့တွေများလာတာ။ ရဲဝန်ထမ်းတွေအားလုံးကိုလည်း ကွာရန်တင်းလုပ်ထားတယ်။ အဲဒီထဲက ပိုးတွေ့တဲ့သူတွေလည်း ထပ်တွေ့တယ်။ အခုကွာရန်တင်း ကျန်တဲ့ သူက အယောက် (၆၀)ကျော်နဲ့ ပိုးတွေ့က အယောက် (၂၀)ကျော်ရှိပြီ”လို့ နေပြည်တော် တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwunကိုပြောပါတယ်။

နေပြည်တော်တိုင်းယာဉ်ထိန်းရဲရုံးက ပထမဆုံးပိုးတွေ့ခဲ့တဲ့ လူနာ (၂)ဦးက ခရီးသွားရာဇဝင်မရှိဘဲ ပိုးတွေ့ရှိခဲ့တာကြောင့် အတည်ပြုလူနာနဲ့ထိတွေ့မှုရှိထားနိုင်လို့ ကူးစက်နိုင်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးကပြောပါတယ်။ လက်ရှိကွာရန်တင်း ဝင်နေတဲ့ ယာဉ်ထိန်းရဲတပ်သား (၆၀)ကျော်ကိုလည်း (၁၄)ရက်အတွင်းမှာ ရောဂါပိုး ရှိ၊မရှိကို တောက်လျှောက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ ဒီဇင်ဘာလ (၁၄)ရက်နေ့မနက်ပိုင်းအထိ နေပြည်တော်မှာ ကိုဗစ်အတည်ပြုလူနာ (၅၂၄)ဦးရှိပါတယ်။ နေပြည်တော်အနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် မြို့ဝင်ဂိတ်တွေမှာ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပြီး stay at home သတ်မှတ်ထားတဲ့မြို့နယ်တွေက လာတဲ့သူတွေအနေနဲ့ ကွာရန်တင်း (၁၄)ရက်ဝင်ရမှာဖြစ်ပြီး တခြားမြို့နယ်တွေက လာတဲ့သူတွေအနေနဲ့ကတော့ ကွာရန်တင်း (၃)ရက်ဝင်ရောက်ရန် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က