စင်တာတစ်ခုကို ၁၀ယောက်နှုန်းနဲ့ စင်တာ (၆)ခုအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းက ဖိတ်ခေါ်နေပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကိုဗစ်-၁၉ပိုးတွေ့လူနာကလျော့ကျမသွားသလို ကိုဗစ်စင်တာတွေမှာလည်း လက်ခံထားတဲ့ လူနာဦးရေများပြားနေပေမယ့် ဆရာဝန်အင်အား နည်းနေတာကြောင့် ဝန်နဲ့အား မမျှဖြစ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်စင်တာအချို့မှာတော့ စေတနာ့ဆရာဝန်တွေက မိမိအရပ်ဒေသကို ပြန်လည်လုပ်ကိုင်ပေးရသလို မူလလုပ်ငန်းတွေပြန်လည်ပတ်တာကြောင့် စေတနာ့ဝန်ထမ်းတွေ အိမ်ပြန်ကြတဲ့အတွက် အင်အားလျော့နေတယ်လို့ စင်တာတာဝန်ခံတစ်ဦးက Duwun ကိုပြောပါတယ်။



" အရင်တုန်းကကျ ရန်ကုန်က လာသမျှကိုဗစ်ကို တောင့်ခံထားတဲ့အခါကျတော့ စင်တာတွေမှာ နယ်က ဆရာဝန်တွေ ၊ သူနာပြုတွေ medical team တွေ ဝိုင်းလာကူကြတယ်။အဲဒီတုန်းက မျှမျှတတ ရှိတယ်။ အခုက နယ်တွေမှာပါ နည်းနည်းဖြစ်လာတော့ တစ်ချို့က ပြန်လာကူဖို့ မလွယ်တော့ဘူး။ ဒီမှာကတော့ လူနာက ငါးရာဝန်းကျင်ရှိတယ်။ရအောင်တော့ ထိန်းထားရတယ်။ ဒါပေမယ့် ကြာလာတော့ ပင်ပန်းလာကြတာပေါ့။တစ်ချို့ စေတနာ့ဝန်ထမ်းတွေကြတော့လည်း ပြန်နားချင်တာ ရှိလာတယ်။ တစ်ချို့ကလည်း သူတို့အလုပ်တွေ ပြန်ရှိလာတယ်။သူတို့လည်း အလုပ်ပြန်လုပ်ချင်တာတွေ အလုပ်ရှာချင်တာတွေ ရှိတယ်။အဲဒီတော့ နည်းနည်းလျော့လာတာပေါ့ " လို့ Happy Covid Centre တာဝန်ခံတစ်ဦးဖြစ်သူ ကိုဆန်းမောင်မောင်က Duwun ကို ပြောပါတယ်။

ဒါ့အပြင် တစ်ချို့ကိုဗစ်စင်တာတွေမှာတော့ ဝန်နဲ့အား လုံးဝမမျှတော့လို့ လူနာလက်ခံနိုင်တဲ့ အရေအတွက်ကို လျှော့ချနေရပြီး အဆောင်တွေပိတ်လိုက်ရသလို စေတနာရှင်တွေရဲ့ ထောက်ပံ့မှုတွေလည်း ဝန်ပိလာတဲ့ သဘောရှိတယ်လို့ ရိုးမရိပ်သာ(၂) စေတနာ့ဝန်ထမ်း ကိုဒီငြိမ်းလင်းက ပြောပါတယ်။

" ရိုးမရိပ်သာဆို နယ်ကဆရာဝန်တွေ ပြန်ပြီးတဲ့နောက်မှာ MO တွေကို မပေးနိုင်တော့တဲ့ အနေအထားတွေရှိတယ်။ အရင်က ဆရာဝန်တွေဝင်ခဲ့တာတွေကို စေတနာ့ဝန်ထမ်းတွေက ဝင်နေရတာတွေရှိတယ်။ဒါပေမယ့် ဆရာဝန်မဟုတ်တော့ မတူဘူးလေနော်။လကလည်း ကြာလာပြီဆိုတော့ အလှူရှင်တွေကလည်း အင်အားလျော့လာပြီ ။ ဒီဘက်ကလူတွေကလည်း အင်အားလျော့လာပြီ။ အောင်မြင့်မိုရ်စင်တာဆို ဒီနေ့ အဆောင်(၅) ဆောင် ပိတ်လိုက်ရပြီ ။ အရင်ကဆို တစ်ဆောင်ကို ဆရာဝန်တစ်ယောက်၊သူနာပြု ၊ ကျန်းမာရေးဝန်ထမ်း ဒါမှမဟုတ် စေတနာ့ဝန်ထမ်း တွဲပေးထားတာရှိတယ်။ အခုကျတော့ နှစ်ဆောင်ကိုမှ ဆရာဝန်တစ်ယောက်ပဲဆိုတော့ အရမ်းဝန်ပိတာတွေ အများကြီးဖြစ်လာတယ် " လို့ ရိုးမရိပ်သာ(၂) စေတနာ့ဝန်ထမ်း ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ကတော့ စင်တာတွေအတွက် လိုအပ်တဲ့ ဆရာဝန်အင်အားထောက်ပံ့မှုကို ကိုဗစ်-၁၉ကာလ စတင်ကတည်းက လုပ်ဆောင်နေခဲ့သလို လက်ရှိအထိလည်း တတ်နိုင်သလောက်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

ဒါပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုဗစ်ကုသရေးစင်တာတွေဖြစ်တဲ့ Fortune ၊ လှိုင် ၊ ရိုးမ ၊ အောင်မြင့်မိုရ် ၊ ဖောင်ကြီး နဲ့ ဧရာစင်တာတွေမှာ ဝန်နဲ့အား မမျှတဲ့အတွက် ကူညီလုပ်အားပေးလိုတဲ့ ဆရာဝန်တွေကို စင်တာတစ်ခု ဆယ်ယောက်နှုန်းနဲ့ အယောက် (၆၀)လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က