လက်ရှိမှာ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်တဲ့ ကျန်းမာရေးဌာန (၂) ခုမှာ စစ်ဆေးနိုင်ပါတယ်။

လေယာဉ်နဲ့ ပြည်တွင်းခရီးသွားမယ့်သူတွေကို ကျပ်တစ်သောင်းနှုန်းနဲ့ ကိုဗစ်ပိုးရှိ၊မရှိစစ်ဆေးပေးမှာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ Tourist Burma အဆောက်အဦနဲ့ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းက ဒေသန္တရကျန်းမာရေးဌာနမှာ သွားရောက်စစ်ဆေးနိုင်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာလိုက်ပါတယ်။

ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးတဲ့အခါမှာ RDB Test Kit တွေနဲ့စစ်ဆေးရင် ကျပ်တစ်သောင်းနှုန်းကုန်ကျမှာဖြစ်ပြီး RT-PCR နည်းနဲ့ စစ်ဆေးပါက သုံးသောင်းခွဲကျပ်ကုန်ကျမှာဖြစ်ပြီး စစ်ဆေးချက်တွေအရ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက်ရမှသာလျှင် ခရီးသွားခွင့်ပြုမယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။



“ လေယာဉ်ပေါ်တက်တဲ့အခါ ကိုယ်အပူချိန်တိုင်းတာတွေ လုပ်မယ်။ သံသယဖြစ်ဖွယ်လက္ခဏာရှိတယ်။ အဖျားရှိတယ်ဆိုရင် လေယာဉ်ပေါ်တက်ခွင့်မပေးဘူး။ လေယာဉ်ပေါ်မှာ ရုတ်တရက်နေမကောင်းဖြစ်ရင် ချက်ချင်းပဲ လေယာဉ်မောင်၊မယ်တွေကို အသိပေးအကြောင်းကြားဖို့ လိုတယ်။ နီးစပ်ရာလေဆိပ်က ကျန်းမာရေးဌာနတွေမှာ ဆက်လက်ကုသဖို့ ဆောင်ရွက်မယ်။ “ လို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

လေယာဉ်ခရီးစဉ် တစ်လျှောက်လုံးမှာလည်း Mask၊ Face Shield အမြဲဝတ်ဆင်ထားရမှာဖြစ်ပြီး လေယာဉ်ပေါ်မှာလည်း ခပ်ခွာခွာနေရမှာဖြစ်သလို အစားအသောက်တွေလည်း လုံးဝစားခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် ခရီးသည်တွေဟာ မိမိသွားလိုတဲ့ဒေသကို ရောက်ရှိပါကလည်း အဲဒီဒေသတွေမှာသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ကွာရန်တင်းဝင်ရမယ်လို့လည်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ဆိုပါတယ်။ မိမိသွားလိုတဲ့ဒေသတွေမှာ ကွာရန်တင်းနေထိုင်စဉ် RT PCR Facility နည်းနဲ့ စစ်ဆေးပါက ကွာရန်တင်း (၃) ရက်နေရမှာဖြစ်ပြီး RDB Rabbit Test Kit နည်းနဲ့ စစ်ဆေးပါက ကွာရန်တင်း (၇) ရက်နေရမယ်လို့လည်း သိရပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဒီဇင်ဘာ (၁၆) ရက်ကစပြီး ပြန်လည်ပြေးဆွဲခွင့်မှာဖြစ်တာကြောင့် ကိုဗစ်ပိုးစစ်ဆေးခြင်းကိုတော့ မနက်ဖြန် ဒီဇင်ဘာ (၁၅) ရက်မှာ စတင်စစ်ဆေးနိုင်ပြီး စစ်ဆေးမယ့်သူတွေအနေနဲ့ မှတ်ပုံတင်နံပါတ်၊ လေယာဉ်လက်မှတ်တွေ ယူဆောင်လာရမယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

လောလောဆယ်မှာတော့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်တဲ့ ကျန်းမာရေးဌာန (၂) ခုမှာစစ်ဆေးနိုင်ပြီး နောက်ပိုင်းမှာတော့ ပုဂ္ဂလိက ဆေးရုံတွေမှာစစ်ဆေးနိုင်ပြီး ပန်းလှိုင်ဆေးရုံနဲ့ လမ်းမတော်က ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရားဝင်လေယာဉ်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် (၃၆) နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ် ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို လေဆိပ်အတွင်း ဝင်ခွင့်ပြုမှာဖြစ်ပြီး အဆိုပါ စာရွက်စာတမ်းပြည့်ပြည့်စုံစုံမပါတဲ့ ခရီးသည်တွေကို လေဆိပ်အတွင်းဝင်ခွင့်ပြုမှာမဟုတ်ကြောင်းကိုလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဒီနေ့ ဒီဇင်ဘာ (၁၄) ရက်မှာ သတင်းထုတ်ပြန်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က