ဖြေလျှော့မှုတွေကို ဖြည်းဖြည်းချင်းလုပ်ဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။

ဒီဇင်ဘာလ၁၆ရက်က စတင်ပြီး ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြု လိုက်ပေမယ့်လည်း အဝေးပြေးယာဉ်လိုင်းတွေကိုတော့ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်သေးမှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တာဝန်ရှိသူပြောကြားချက်အရ သိရပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်ပြုမယ့် အချိန်ကို အတိအကျမပြောနိုင်သေးပေမယ့် လက်ရှိလုပ်ဆောင်နေတဲ့ ဖြေလျှော့မှုတွေရဲ့ အောင်မြင်မှုအနေအထားပေါ် မူတည်ပြီး တဖြည်းဖြည်းပြန်လည် ဖြေလျှော့လာမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။



" ကြိုပြောဖို့ ခက်ပါတယ်။ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သဘောတရားက စပရိန်တစ်ခုပါတဲ့ ခုံကို ဖိရသလိုပဲ ဖိတဲ့အချိန်မှာ အားကုန်သုံးပြီး ဖိရတယ်။ဝပ်သွားတဲ့ အထိ ဖိရတယ် ။ လွှတ်တဲ့အခါကျရင်တော့ ရုတ်ချည်းလွှတ်မရဘူး ။ ဝုန်းခနဲ အားနဲ့ ပြန်ကန်တတ်တယ်။အဲဒီတော့ သတိကြီးကြီးထားပြီး ဖြည်းဖြည်းချင်းလျှော့ရတယ်။အဲဒီသဘောလိုပဲ တစ်ခုပြီး တစ်ခု ဖြည်းဖြည်းချင်းတော့ ပြန်ဖွင့်လာမယ့် သဘောရှိပါတယ်။ဒါပေမယ့် ဘယ်နေ့ဖွင့်မလဲ ၊ ဘယ်တော့ဖွင့်မလဲတော့ ကျွန်တော်တို့လည်း မသိပါဘူး။တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ ရရှိတဲ့အပေါ်မှာ တိုးတိုးပြီး ဖွင့်လာမယ်ဆိုတာတော့ သေချာပါတယ် " လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

လက်ရှိအချိန်မှာ အဝေးပြေးယာဉ်တွေပြေးဆွဲမှု ရပ်နားထားရတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲရှိနေပေမယ့်လည်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် ဗဟိုရဲ့ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းရမှာဖြစ်တယ်လို့ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTA) က သိရပါတယ်။

" လေကြောင်းတွေပြီးရင်တော့ အဝေးပြေးလုပ်ငန်းတွေလာမယ်လို့ မျှော်လင့်တာပေါ့နော် ။ ကျွန်တော်တို့ ဘက်ကတော့ ခွင့်ပြုတာနဲ့ ပြေးဆွဲနိုင်အောင် ပြင်ဆင်တာတော့ရှိပါတယ်။ ဘယ်နေ့ပြေးဆွဲရမယ် ဘယ်လို ဆိုတာကတော့ ဗဟိုရဲ့ ညွှန်ကြားချက်ကို စောင့်နေတာပေါ့။ပြည်တွင်းသွားလာရေးဖြစ်တဲ့အတွက် ဗဟို အဆင့်ကပဲ အဓိကဆိုင်တာ ။ တိုင်းဒေသကြီးတွေ နဲ့မဆိုင်ပါဘူး" လို့ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTA) ဒုဥက္ကဌ ဒေါက်တာမောင်အောင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းအချို့က ယာဉ်တွေကို ကုန်ကားအဖြစ်နဲ့ ခရီးသည်မတင်ဘဲ ပြေးဆွဲနေပြီး ယာဉ်မောင်းတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားမှုတွေ စစ်ဆေးမှုတွေအတိုင်း လိုက်နာဆောင်ရွက်စေတယ်လို့ သိရပါတယ်။

" ကားတွေက အဆင်သင့်အနေအထားရှိတယ် ။ ကားတွေလည်း အဆင်သင့်ပဲ ။ လူတွေကလည်း အခုဟာက ခရီးသည်တင်မထွက်ဘဲ ကုန်ကားအနေနဲ့ထွက်တယ်။အဲဒီတော့ ကားသမားတွေကလည်း ဆေးစစ်ပြီးသား ။ ခရီးသည်တင်အနေနဲ့ ထွက်လို့ ဆေးစစ်ရမယ်ဆိုလည်း စစ်ပေါ့ ။ ကားတွေက ရှစ်လပိုင်းကတည်းက ပိတ်ထားရတာ ။ ပိတ်ပါလို့ ညွှန်ကြားစာလည်း မထွက်လာဘူး။ ရောဂါပျံ့နှံ့မှုများလာတော့ ခရီးသွားတွေလည်း မရှိတော့ဘူး။ ယာဉ်လည်းတွေက ကိုယ့်ဘာသာပိတ်လိုက်ကြတာ။အခုက လေယာဉ်တွေလည်း ပြန်ထွက်ပြီ ။ အစ်မတို့ ယာဉ်တွေလည်း ထွက်ချင်တယ် ။ ဝန်ထမ်းတွေရဲ့ ရပ်တည်မှုလည်း ရှိတယ် ။ ကားအသစ်တွေဝယ်ပြီး ဒီတိုင်းချည်း ရပ်ထားရတယ်ဆိုရင် ဒါက အများကြီးဆုံးရှုံးနစ်နာမှုရှိတယ် " လို့ JJ Express ယာဉ်လိုင်း မန်နေဂျာ မကျော့ကျော့သက်က Duwun ကို ပြောပါတယ်။

အဝေးပြေးမော်တော်ယာဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ရရေးအတွက်ကိုတော့ ကိုဗစ်ရောဂါကာလဖြစ်တဲ့အတွက် သီးခြားတင်ပြခြင်းမရှိပေမယ့် ဒီကာလမှာ အခက်အခဲကြုံတွေ့နေတဲ့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တွေရဲ့ တင်ပြချက်အရ ချေးငွေလျှောက်ထားမှုကိုတော့ အစိုးရကို တင်ပြထားတယ်လို့ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTA)က သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က