ရန်ကုန်က ပုဂ္ဂလိကဆေးရုံ (၄)ခုကို ကိုဗစ်လူနာတွေကုသပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကို ခွင့်ပြုမိန့်တင်ထားပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို ကုသပေးနိုင်ဖို့ စီစဉ်နေပြီး ကုသမှုခံယူလိုတဲ့ ကိုဗစ်လူနာတွေအနေနဲ့ ဆေးကုသကုန်ကျစရိတ်၊ စားသောက်စရိတ်အားလုံးကို ကျခံရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က ပြောလိုက်ပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိက ဆေးရုံ (၄) ခုမှာ ကိုဗစ်ကုသမှုပေးနိုင်ဖို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုတင်ပြထားပြီး ခွင့်ပြုမိန့်တော့ မကျလာသေးဘူးလို့လည်းသိရပါတယ်။



ခွင့်ပြုမိန့်ကျလာပြီး ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခွင့်ရပြီဆိုပါက ကုသမှုခံယူမယ့် ကိုဗစ်လူနာတွေအနေနဲ့ လက်ရှိပုဂ္ဂလိကဆေးရုံတွေမှာ ကုသနေတဲ့လူနာတွေကို ကောက်ခဲ့တဲ့ ဆေးကုသစရိတ် ဈေးနှုန်းအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း၊ဆရာဝန်၊ ဆရာမတွေ ဝတ်ရမယ့် PPE ဝတ်စုံဖိုး၊ လူနာတွေရဲ့ အစားအသောက်ကုန်ကျစရိတ်တွေကိုတော့ ထပ်ဆောင်း ပေးဆောင်ရမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က ဆိုပါတယ်။

“ ပုဂ္ဂလိက ဆေးရုံတွေက ကိုဗစ်မတိုင်ခင်တည်းက လူနာတွေအပေါ်မှာ ကောက်ခံတဲ့ဈေးနှုန်းအတိုင်း ပိုပြီးတော့ မကောက်ပါဘူး။ ဒါပေမယ့် ပိုလာမှာကတော့ ဆရာဝန်၊ဆရာမတွေက PPE တွေဝတ်ရမယ်။ PPE ဖိုးတွေကလည်း မနည်းဘူး။ အဲဒီအတွက်ပိုကျလာမယ်။ လူနာတွေက ကိုယ့်ဘာသာကိုယ် အိမ်ကချက်ပို့တာမျိုးလုပ်လို့ အဆင်မပြေဘူး။ ဆေးရုံကနေ မနက်စာ၊ နေ့လယ်စာ၊ညစာတွေ အားလုံးကိုစီစဉ်ပေးမှရမယ်။ လူတွေအဝင်အထွက်ကို ခွင့်ပြုလို့မရဘူး။ အဲဒီတော့ အစားအသောက်အတွက်ပိုလာမယ်။ PPE ဖိုးပိုလာမယ်” လို့ ဒေါက်တာထင်ပေါ်က Duwun ကိုပြောပါတယ်။

အကယ်ဒမီဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေလမင်းဆေးရုံနဲ့ SSC ဆေးရုံတို့ကို စစ်ဆေးဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို တင်ပြထားရာ ပန်းလှိုင်ဆေးရုံနဲ့ အကယ်ဒမီဆေးရုံတွေကိုတော့ စစ်ဆေးမှုပြီးစီးသွားပြီးလို့လည်းသိရပါတယ်။

“ ရန်ကုန်မှာ ပုဂ္ဂလိကဆေးရုံ (၄) ခုတင်ထားတယ်။ပန်းလှိုင်နဲ့ အကယ်ဒမီဆေးရုံကိုတော့ စစ်ဆေးပြီးပြီ။သိရသလောက် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနကို စစ်ဆေးချက်တွေ ပို့ထားတယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ ခွင့်ပြုမိန့်မရသေးပါဘူး။ လက်ရှိထိတော့ ပုဂ္ဂလိက လုပ်ပေးနိုင်တဲ့ ဆေးရုံဆိုတာ မရှိသေးပါဘူး” လို့လည်း ဒေါက်တာထင်ပေါ်က ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်ကုသမှု၊ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးမှုတွေကို ပြည်သူ့ဆေးရုံတွေကပဲ လုပ်ဆောင်နေတာဖြစ်တာကြောင့် ပြည်သူ့ဆေးရုံတွေမှာ မလိုအပ်ဘဲ ကိုဗစ်လူနာတွေ များပြားနေတယ်လို့လည်း ဒေါက်တာထင်ပေါ်က ထောက်ပြပြောဆိုပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကုသခွင့်မရခဲ့ဘူးဆိုရင်တောင် ပိုးရှိ၊မရှိ စစ်ဆေးပေးနိုင်တယ်ဆိုပါက ပိုးတွေ့လူနာနဲ့ ပိုးမတွေ့ လူနာတွေကို ခွဲခြားပေးနိုင်မှာဖြစ်တာကြောင့် ကိုဗစ်လူနာတွေရော၊ကိုဗစ်မဟုတ်တဲ့လူနာတွေကိုပါ သေချာစနစ်တကျ ကုသပေးနိုင်မယ်လု့ိလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က