ရန်ကုန်တိုင်းမှာ စတင်ဆောင်ရွက်သွားမည်

ရောဂါလက္ခဏာမရှိတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေကို နေအိမ်မှာပဲ သီးခြားထားရှိပြီး Video call စနစ်နဲ့ ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုမယ့်အစီအစဉ်ကို ရန်ကုန်တိုင်းမှာ စတင်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်လို့သိရပါတယ်။

ဒီဇင်ဘာ (၁၅) ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်းက ကိုဗစ်-၁၉ ကုသရေးဌာန (၁၄) ခုရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ Videoconferencing နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆိုပါ အစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။



ကိုဗစ်ပိုးတွေ့လူနာတွေကို ဆေးရုံ (ဒါမှမဟုတ်) ကုသရေးဌာနမှာ ရက်အတိုင်းအတာတစ်ခုထိထားရှိပြီးနောက် သူတို့ရဲ့ ရောဂါအခြေအနေ၊ အသက်အရွယ်၊ ရောဂါအခံရှိ၊မရှိ အခြေအနေ၊ နေအိမ်အခြေအနေ၊ အတူနေမိသားစု အရေအတွက် အနည်းအများ၊ သီးခြားအခန်းမှာ ခွဲပြီး နေထိုင်နိုင်တဲ့ အခြေအနေ စတာတွေ အပေါ်မူတည်ပြီး နေအိမ်မှာပဲ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားဖို့နဲ့ လူနာတွေကို Video call စနစ်နဲ့ ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားဖို့ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာနတွေမှာ တက်ရောက်နေတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေထဲက ရောဂါလက္ခဏာနှင့် ရောဂါအခံတို့ မရှိဘဲ သင့်တော်တဲ့ အိမ်အခြေအနေရှိတဲ့ သူတွေကို ကုသရေးဌာနတွေမှာ ရက်အတိုင်းအတာတစ်ခုထားရှိပြီးတော့ အိမ်မှာသီးခြားစောင့်ကြည့်ကာ Video call နဲ့ ပုံမှန်ဆက်သွယ်ပြီး ရောဂါအခြေအနေ စောင့်ကြပ်မယ့် အစီအစဉ်ကို ရန်ကုန်တိုင်းမှာ ကနဦးရှေ့ပြေးစမ်းသပ်မှုပုံစံနဲ့ ဆောင်ရွက်ဖို့ိလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အကြံပြုမှာကြားခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ လူနာနဲ့ လူနာရဲ့ မိသားစုတွေရဲ့ စည်းကမ်းလိုက်နာမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုဖို့ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက ဆောင်ရွက်စေလိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် လူနာရဲ့ ရောဂါအခြေအနေတွေကို စောင့်ကြပ်ကြည့်ရှုဖို့ အတွက် သက်ဆိုင်ရာမြို့နယ် ဆရာဝန်တွေက ဦးစီးတာဝန်ယူဆောင်ရွက်စေလိုတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ အသက်ရှုလမ်းကြောင်းတွေကတစ်ဆင့် လျင်မြန်စွာကူးစက်တာကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အချိန်နဲ့ တစ်ပြေးညီဆုံးဖြတ်ချဖို့လည်း လိုအပ်ပြီး ဆုံးဖြတ်ချက်နောက်ကျပါက များစွာသောနောက်ဆက်တွဲဆိုးကျိုးတွေရရှိနိုင်တယ်လု့ိလည်း သိရပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်ကုသဖို့အတွက် ဝေဘာဂီဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံ၊ ဖောင်ကြီးကုသရေးဌာနစတဲ့ ဆေးရုံတွေအပြင် အောင်မြင့်မိုရ်ကိုဗစ်စင်တာ၊ ရိုးမရိပ်သာစင်တာ၊ ဧရာဝတီစင်တာ၊ အင်းယားကိုဗစ်စင်တာ၊ Happy Covid Center စတဲ့ ကုသရေးဌာနတွေ အပြင် တပ်မတော်က စီစဉ်ထားတဲ့ ကိုဗစ်ကုသရေးဆေးရုံတွေအပါအဝင် (၂၂) နေရာ ရှိတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က