ဝန်နဲ့အားမမျှစွာ နေ့မအား၊ညမအား ဆောင်ရွက်နေရတယ်ဆိုတာ ပြည်သူတွေကိုသတိထားပြောကြားလိုဟုဆို

နိုင်ငံ့လူဦးရေနဲ့နှိုင်းယှဉ်ရင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နည်းပါးတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဆိုင်ရာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အထောက်အကူပြုပညာရှင်တွေက ဝန်နဲ့အားမမျှစွာ နေ့မအား၊ညမအား ဆောင်ရွက်နေရတယ်ဆိုတာ ပြည်သူတွေကို သတိထားပြောကြားလိုတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုတွေ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမှာဖြစ်ပြီး ဒီလိုဆောင်ရွက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ငဲ့ညာတဲ့အားနဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းတွေကို အလေးထားလိုက်နာပေးကြဖို့ သတိပေးပြောကြားလိုတယ်လို့ ဝန်ကြီးကဆိုပါတယ်။



ဒီဇင်ဘာ (၁၅) ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ကုသရေးဌာန (၁၄) ခုရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ Videoconferencing နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆိုပါ အစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ဗဟိုကော်မတီက ပြည်သူတွေ လူမှုစီးပွားရေးကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့ ဖြေလျှော့မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒီလို ဖြေလျော့မှုတွေ ပြုလုပ်ပေးပြီးပါကလည်း ပြည်သူတွေအနေနဲ့ လူမှုစီးပွားရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာတွေ အပါအဝင် ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကို ဆက်လက် လိုက်နာကြရမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဒီလို လိုက်နာမှုအားနည်းပြီး ရောဂါ ဖြစ်ပွားမှုနှုန်းများလာပါက မိမိတို့အနေနဲ့ လိုအပ်မယ့် စည်းကမ်းအချို့ကို ပြန်လည်ပြီး ထပ်မံချမှတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာနတွေကို လာရောက်ရတဲ့ လူနာအရေအတွက် နည်းပါးသွားစေဖို့နဲ့ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်စေဖို့ ဝန်ကြီးဌာနက တစ်ပြည်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ ပါးစပ်နှာခေါင်းစည်း စနစ်တကျ မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှု စီမံချက် အောင်မြင်စေဖို့ ပြည်သူတွေက မိမိနဲ့ မိသားစု အရေးလို သဘောထားက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်မှာ အထူးသဖြင့် ဈေးတွေ၊ စက်ရုံ၊အလုပ်ရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းမလိုက်နာသူတွေကို အချင်းချင်းသတိပေးတာတွေ ပြုလုပ်စေလိုပြီး တိုင်း/ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့လည်း ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေဖို့ ကြီးကြပ်ဆောင်ရွက်ပေးစေလိုတယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က