ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး စိတ်ချရတဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

တောင်ငူခရိုင်ဆေးရုံမှာ ကိုဗစ်၁၉လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အသက်၁၀၀ အဘွားတစ်ဦးက ရောဂါသက်သာပြီး စိတ်ချရတဲ့အနေအထားဖြစ်တဲ့အတွက် ဒီနေ့မနက်ပိုင်းက ဆေးရုံဆင်းခွင့်ရရှိသွားတယ်လို့ တောင်ငူခရိုင်ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာအာကာက ပြောပါတယ်။

အဘွားက ကိုဗစ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်မခံစားရပေမယ့်လည်း အသက်အရွယ်ကြီးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာ ဖြစ်တဲ့ ရောဂါအချို့ကိုတော့ ကုသပေး ခဲ့ရတယ်လို့ သိရပါတယ်။



" အဘွားကတော့ သူက ရေတာရှည်ဆေးရုံမှာတက်တာ ။ အသက်တအားကြီးတဲ့သူတွေ အသက်တအားငယ်တဲ့သူတွေက ပိုစောင့်ကြည့်ရတဲ့အနေအထားရှိတော့ တောင်ငူဆေးရုံကို လွှဲတာပေါ့။ တောင်ငူဆေးရုံကြီးမှာ တစ်ရက်စောင့်ကြည့်တယ်။အဘွားက သွေးတွင်းအောက်စီဂျင် ကျတယ်။အသက်ကြီးတော့ ခန္ဓာကိုယ်က မကောင်းဘူးလေ ယိုယွင်းတာလေး တွေရှိတာပေါ့ ။ အဲဒါနဲ့ ကိုဗစ် ICU မှာထားပြီး ကုတယ်။ကုတာတော့ နှစ်ပိုင်းပေါ့ ။ ကိုဗစ်အတွက် ကုသမှုပေးတယ် ၊ နဂိုရောဂါတွေအတွက်ကျတော့ သွေးအားနည်းတော့ သွေးသွင်းရတယ် ၊ အဆုတ်ယောင်တို့ ဆီးလမ်းကြောင်းပိုးဝင်တာတို့အတွက် သောက်ဆေး ထိုးဆေးနဲ့ ကုခဲ့တယ်။ စိတ်ချရတဲ့နေအထားဖြစ်လို့ ဒီနေ့မှာတော့ ဆေးရုံဆင်းခွင့်ရတာဖြစ်ပါတယ် " လို့ တောင်ငူခရိုင်ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာအာကာက Duwun ကို ပြောပါတယ်။

ဒီနေ့ဆေးခွင့်ရရှိတဲ့အဘွားကို ရေတာရှည်မြို့နယ် ကိုဗစ်ကော်မတီနဲ့ချိတ်ဆက်ပြီး ပြန်လည်လွှဲပြောင်းေပးခဲ့သလို ရေတာရှည်မြို့နယ်ဆေးရုံအုပ်ကြီးရဲ့ ညွှန်ကြားမှုနဲ့ ဆေးရုံက သတ်မှတ်တဲ့နေရာမှာ ကွာရန်တင်းနေထိုင်ပြီး ဆက်လက်စောင့်ရှောက်ရဦးမယ်လို့လည်း ဒေါက်တာအာကာက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်၁၉နဲ့ပတ်သက်ပြီး ရောဂါမပြင်းထန်ရင် ၁၁ရက် ၊ ရောဂါပြင်းထန်သူများကို ၂၁ရက် ဆေးရုံမှာ ထားရှိကုသဖို့ ညွှန်ကြားထားပေမယ့် အဘွားကိုတော့ အသက်အရွယ်အရ ရောဂါမပြင်းထန်ပေမယ့် စိတ်ချရတဲ့အထိ ၁၅ရက်ကြာ စောင့်ကြည့်ကုသခဲ့တယ်လို့ တောင်ငူဆေးရုံက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က