စစ်တွေမြို့နယ်ကနေ အခြားမြို့နယ်တွေကို လူစုလူဝေးနဲ့ ဘုရားဖူး၊ ပျော်ပွဲစားတွေထွက်ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ်မှာ နယ်ကျော်ပြီး သွားလာလည်ပတ်မှုတွေကြောင့် လူစုလူဝေးဖြစ်ပေါ်မှုကို ထိန်းချုပ်နိုင်ဖို့ ဒီနေ့ကစတင်ပြီး နယ်ကျော်သွားလာခြင်းတွေကို ကန့်သတ် လိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က သိရပါတယ်။

ဒီလိုကန့်သတ်ရတာက လူစုလူဝေးကြောင့် ကိုဗစ်ကူးစက်မြန်နိုင်တဲ့အတွက် ဖြစ်ပြီး အရေးကြီးကိစ္စတွေ အတွက်တော့ နယ်ကျော်သွားလာနိုင်တယ်လို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။



" အခုက ပုဏ္ဏားကျွန်းတို့ မြောက်ဦးတို့ ကျောက်တော်တို့မှာ လူစုလူဝေး တအားဖြစ်တာပေါ့။ဒီကလူတွေက ဘုရားဖူးထွက်ကြတော့ ။ ဒါဟာကိုဗစ်ကူးဖို့ ပိုပြီး အန္တရာယ်ရှိတာပေါ့ ။ လုံးဝကြီး မသွားရဘူး မဟုတ်ပါဘူး။ စီးပွားရေးကိစ္စတွေ အရေးကြီးဆောင်ရွက်ရမယ့်ကိစ္စတွေ ၊ လူမှုရေးကိစ္စတွေ ၊ နာရေးတို့ ကျန်းမာရေးတို့ စသည်ဖြင့်ပေါ့ ထွက်ခွင့်ပြုမှာပါ ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ စနေ တနင်္ဂနွေဆိုရင် အစုလိုက် အပြုံလိုက် ထွက်ကြတဲ့အတွက် သက်ဆိုင်ရာ မြောက်ဦးတို့ ကျောက်တော်တို့မှာ ကိုဗစ်ရောဂါပိုး ကူးမှာစိုးလို့ပါ ။ ဒါကြောင့်ထုတ်တာပါ ။ လုပ်ငန်းကိစ္စတွေ ၊ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေးကိစ္စတွေ သွားလို့ရပါတယ်။ အပျော်သဘောမျိုး ထွက်မှာတွေ လူစုလူဝေး သွားဖြစ်မှာတွေ စိုးလို့ပါ " လို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောပါတယ်။

ဒါကြောင့် နယ်ကျော်သွားလာခွင့်တွေကို ဒီနေ့ကစ ကန့်သတ်လိုက်တာဖြစ်ပြီး ကျောက်တန်းဂိတ် နဲ့ ရေယာဉ်ဂိတ်တွေကနေ စစ်ဆေးရေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီလိုကန့်သတ်လိုက်တဲ့အတွက် သတ်မှတ်ခွင့်ပြုချက်မှာပါဝင်တဲ့ အကြောင်းအရာတွေနဲ့ နယ်ကျော်သွားလာမယ်ဆိုရင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံချက်ပါရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

"ဒီနေ့ကစပြီး ကျောက်တန်းဂိတ်မှာတော့ စစ်ဆေးရေးအဖွဲ့တွေ ချနေပြီ ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြောထားတယ် ။ မဖြစ်မနေသွားရမယ့် ကိစ္စတွေ ကိုယ့်ရပ်ကွက်အလိုက် ထောက်ခံပေးပါ ။ ရပ်ကွက်က ထောက်ခံပေးရင် ကျွန်တော်တို့ မြို့နယ်က ထောက်ခံပေးမှာပါ ။ အစုလိုက် အပြုလိုက် အပျော်ခရီးထွက်တာတွေ ၊ ပျော်ပွဲစားထွက်တာတွေ ၊ ဘုရားဖူးထွက်တာတွေ မဖြစ်အောင်လို့ပါ ။ အဓိကက လူစုလူဝေးဖြစ်ရင် ရောဂါကူးစက်မှုက ပိုမြန်ပါတယ်။ မြို့တွင်းက ပုံမှန်သွားလာလို့ရပါတယ် " လို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောပါတယ်။

ဒီလိုသွားလာလည်ပတ်မှုတွေကြောင့် လူစုလူဝေးဖြစ်ပေါ်မှုကို သက်ဆိုင်ရာ မြို့နယ်လူထုတွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း ဝေဖန်ထောက်ပြနေကြတယ်လို့ ဦးအောင်ဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ်မှာတော့ ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ မိမိအိမ်နေအိမ်တွင် (Stay at Home) နေထိုင်ရန်ကြေညာထားတဲ့အတွက် နေအိမ်ပြင်ပကို ဈေးဝယ်ရန် တစ်အိမ် တစ်ဦး ၊ ဆေးခန်းပြသမည်ဆိုရင် တစ်အိမ်ထောင် နှစ်ဦး ထွက်ခွာခွင့်ပြုထားပြီး နယ်ကျော်သွားလာမယ်ဆိုရင်တော့ အရေးကြီးစီးပွားရေးလုပ်ငန်းကိစ္စ ၊ နာရေးကိစ္စ ၊ ကျန်းမာရေးကိစ္စတို့ကိုသာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထောက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ထောက်ခံချက်မပါရှိပါက စစ်ဆေးရေးဂိတ်ကနေ ပြန်လည်စေလွှတ်မယ်လို့ ဒီဇင်ဘာလ ၁၅ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အတည်ပြုထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၅ရက် ည(၈)နာရီအထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်၁၉လူနာ ၄,၀၄၂ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က