ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊အပိုင်း (၃)၊ ငမိုးရိပ် (၆) လမ်းက ပထမထပ်တိုက်ခန်းတစ်ခုမှာ လည်ပင်းထက်ဝက်နီးပါးအလှီးခံထားရတဲ့ ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အဲဒီမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးထံကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဒီကနေ့ ဒီဇင်ဘာ (၁၇) ရက်မွန်းလွဲ (၃) နာရီဝန်းကျင်က တိုက်ခန်းအတွင်းမှာ အဆိုပါ အမျိုးသားနဲ့ အမျိုးသမီးတို့ ရန်ဖြစ်နေတာကို ဘေးပတ်ဝန်းကျင်က ကြားနေရပြီး ခဏအကြာ ငြိမ်သွားတာကြောင့် မသင်္ကာလို့ ရဲအကြောင်းကြားခဲ့တာပါ။ အဲဒီနောက် တက်ကြည့်တဲ့အခါမှာ နှစ်ယောက်စလုံးပက်လက်အနေအထားနဲ့ လည်ပင်း တစ်ဝက်စီလောက်ပြတ်ပြီး သေဆုံးနေတာကို တွေ့ရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။



“ ဓာတ်ပုံတွေအရတော့ သေဆုံးသူတွေက အသက် (၃၀) ဝန်းကျင်အရလို့သိရပါတယ်။ သူတို့ နှစ်ယောက်က သမီးရည်းစားတွေလို့သိရတယ်။ အတူတူနေတာလည်းကြာပြီလို့ ပြောပါတယ်။ အဲဒီအခန်းမှာ ရန်ဖြစ်သံ ကြားတယ်။ နောက်ငြိမ်သွားတော့ ရဲအကြောင်းကြားပြီး တက်ကြည့်တော့ နှစ်ယောက်စလုံးက လည်ပင်းကို တစ်ဝက်စီလောက် လှီးခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာပါ” လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောခဲ့ပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူနှစ်ဦးဟာ ငမိုးရိပ် (၆)လမ်း၊ အိမ်အမှတ် (၄၀၅) ပထမထပ်မှာ ငှားနေတာ တစ်နှစ်ဝန်းကျင်လောက်ရှိနေတယ်လို့သိရပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က