၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ရောဂါကင်းစင်ကြောင်း ထောက်ခံချက်ပါမှ လေယာဉ်ပေါ်တက်ခွင့်ရမှာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်တွင်းလေကြောင်းလိုင်းတွေကို မနေ့ကပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ရာမှာ မန္တလေးမြို့ကလေကြောင်းနဲ့ခရီးသွားလိုသူတွေအနေနဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေဆီမှာ ကိုဗစ်ရောဂါပိုးရှိမရှိသွားရောက်စစ်ဆေးဖို့လိုတယ်လို့သိရပါတယ်။

သက်ဆိုင်ရာမြို့နယ်အလိုက် ကျန်းမာရေးဦးစီးဌာနတွေက ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လာရောက်စစ်ဆေးတဲ့အခါမှာ လေယာဉ်လက်မှတ်ပြပြီး စစ်ဆေးခကျပ်တစ်သောင်းပေးသွင်းရမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးဆရာဝန်ကြီး ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။



"ကိုဗစ်ပိုးရှိမရှိ RDT Test Kid နဲ့စစ်ဆေးပေးမှာပါ၊ RDT Test နဲ့ Negative အဖြေထွက်တဲ့စာရွက်ရဖို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေမှာ ရုံးချိန်အတွင်းလုပ်ပေးသွားမှာပါ၊ Booking စနစ်နဲ့လက်ခံဆောင်ရွက်ပေးမှာမဟုတ်ပါဘူး၊ လေယာဉ်လက်မှတ်ပြနိုင်မှသာစစ်ဆေးပေးသွားမှာပါ၊ စစ်ဆေးခတစ်သောင်းက ကျန်းမာရေးဝန်ကြီးဌာနကိုပေးသွင်းရတာပါ" လို့ ဆရာဝန်ကြီးကပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့သတ်မှတ်စည်းကမ်းတွေနဲ့အညီ ဒီဇင်ဘာ ၁၆ ရက်နေ့ကစလို့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာမှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦးလေဆိပ်)ကနေ လေကြောင်းနဲ့ခရီးသွားလိုသူတွေကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွေမှာ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပေးဖို့ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကညွှန်ကြားထားတာဖြစ်ပြီး လေကြောင်းနဲ့ခရီးသွားမယ့်သူတွေဟာ ၃၆ နာရီအတွင်း ကိုဗစ်ရောဂါပိုးကင်းစင်ကြောင်းလက်မှတ်ပါမှသာ လေယာဉ်ပေါ်တက်ခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်။

၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ရောဂါကင်းစင်ကြောင်းထောက်ခံချက်ပါမှ လေယာဉ်ပေါ်တက်ခွင့်ရမှာမို့လို့ ထွက်ခွာမယ့် ရက်မတိုင်မီတစ်ရက်ကြိုတင်ပြီး ဆောင်ရွက်နိုင်ပါတယ်၊ သတ်မှတ်ထားတဲ့ငွေတစ်သောင်းအပြင် ဘယ်လိုအခကြေးငွေမှအပိုပေးစရာမလိုပါဘူး လို့ ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဇေယျာထွန်းကပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကြောင့် ယာယီရပ်နားထားတဲ့ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစလို့ပြေးဆွဲခွင့်ပြုခဲ့ရာမှာ မန္တလေးတိုင်း ဒေသကြီးကနေ MNA လေကြောင်းလိုင်းနဲ့ Air KBZ လေကြောင်းလိုင်းတို့က ပျံသန်းပြေးဆွဲခွင့်တင်ပြခဲ့တာဖြစ်ပြီး MNA က နေပြည်တော် လွိုင်ကော် ဟဲဟိုး ကျိုင်းတုံခရီးစဉ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ Air KBZ က ရန်ကုန်-စစ်တွေ၊ ရန်ကုန်-မြစ်ကြီးနားခရီးစဉ်တို့ကို SOP နဲ့အညီ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က