ဒီဇင်ဘာ ၂၀ရက်မှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ပျံသန်းပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ကနေ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကို ပျံသန်းမယ့် ဝေဟင်ကနေ ရှုခင်းကြည့် လေယာဉ်ခရီးစဉ်ကို လိုက်ပါဖို့အတွက် ကြိုတင်စာရင်းပေးသူ ၁၈ဦးရှိနေပြီး ဒီဇင်ဘာ ၂၀ရက်မှာ ပျံသန်းမယ်လို့ မြန်မာနိုင်ငံခရီးသွာလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ဒီခရီးစဉ်အတွက် ၅၂ဦး လိုက်ပါနိုင်ပေမယ့်လည်း ပြင်ပခရီးသည်များ ၊ အထူးဖိတ်ထားတဲ့ ဧည့်တော်များအပါအဝင် လူဦးရေ ၄၀၀န်းကျင်နဲ့ စတင်ပျံသန်းမှာဖြစ်တယ်လို့ သိရပါတယ် ။



" အခုက Booking တွေလည်း တက်ပါတယ် ။ အထူးဧည့်သည်တော်တွေလည်း ဖိတ်ထားပါတယ် ။ ပြင်ပခရီးသည်က အခုမနက်ထိ ၁၈ ဦး Booking ရှိတယ်။ညနေအထိဆို ၂၀ကျော်လောက် ပါမယ်။ ကျွန်တော်တို့ဧည့်သည်တော်တွေနဲ့ဆို ၄၀လောက်ဖြစ်မယ်။လေယာဉ်ပေါ်မှာ လိုက်နိုင်တာက ၅၂ယောက်ပဲ။ဒီထက်ပို တင်လို့မရဘူး ။ လေယာဉ်က ထိုင်ခုံက ၇၂ယောက်စာရှိပါတယ်။ဒါပေမယ့် လေကြောင်းပို့ဆောင်ရေးရဲ့ ကန့်သတ်ချက်ကြောင့် ၅၂ဦးတင်ခွင့်ရှိတယ်။ဒါပေမယ့် အဲဒီလောက်ကြီးအထိလည်း မရောက်ပါဘူး ။ ၄၀လောက်နဲ့ ထွက်မှာပါ " လို့ မြန်မာနိုင်ငံခရီးသွာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါမယ့်သူတွေက ဒီဇင်ဘာလ ၁၉ရက် ၊ စနေနေ့မှာ ကိုဗစ်၁၉စစ်ဆေးမှုပြုလုပ်ရမှာဖြစ်ပြီး ရောဂါကင်းရှင်းကြောင်း လက်မှတ်ရရှိမှသာ ဒီဇင်ဘာ ၂၀ရက်ကို လေဆိပ် check in ဝင်နိုင်မယ်လို့ သိရပါ တယ်။ ရန်ကုန်လေဆိပ်ကနေ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်ကို ပျံသန်းမှာဖြစ်ပြီး ရှုခင်းကြည့်ဖို့ ကောင်းမွန်တဲ့ အမြင့်ပေကနေ ပုံမှန်ထက် အနိမ့်ပျံသန်းမှာဖြစ်သလို ခရီးစဉ်အစအဆုံး ကြာမြင့်ချိန် တစ်နာရီခွဲဖြစ်တယ်လို့ သိရပါတယ်။

" ဒီညနေ Booking ပိတ်မှ မနက်ဖြန်ကို ကိုဗစ်စစ်ဆေးပြီး အဲဒီလက်မှတ်ရမှ သန်ဘက်ခါကို check in လုပ်လို့ရမှာဖြစ်ပါတယ်။လေယာဉ်ကိုတော့ စိတ်ချရတဲ့ အမြင့်ပေလည်း ဖြစ်မယ် ခရီးသည်တွေအတွက် မြင်ကွင်းကောင်းတဲ့အမြင့်ပေကနေ ပျံသန်းပေးမှာပါ။အရင်က လေယာဉ်က အမြန်လည်းသွားတယ် အမြင့်ကလည်းပျံတော့ ရှုခင်းမမြင်ရဘူး။အဲဒီနေရာလေးတွေကို ကြည့်နိုင်အောင်စီစဉ်ပေးတာပါ။ ရန်ကုန်ကနေ ကျိုက်ထီးရိုးကို ပျံမယ် အဲဒီကနေ ကွေ့ပတ်ပြီး ကြည့်လို့ရမယ် ပြီးရင် ဘားအံကို ပျံမယ် ။ ဇွဲကပင်တောင်ဘက်ပေါ့။ပြီးရင် သံလွင်မြစ်နဲ့ ဘားအံ့မြို့အလှအပကို ကြည့်ပြီး ရန်ကုန်ပြန်လာမှာပါ။ကြာမြင့်ချိန် တစ်နာရီခွဲလောက်ဖြစ်မယ်။ဒါက ပုံမှန်ဆို မိနစ်ငါးဆယ်လောက်ပဲ ကြာမယ့်ခရီးကို ဘယ်ကတစ်ပတ် ညာကတစ်ပတ်ပျံပေးမှာပါ ။ အကုန်လုံးမြင်ရအောင်လို့ပါ " လို့ မြန်မာနိုင်ငံခရီးသွာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။

ဒီခရီးစဉ်အတွက် ကုန်ကျစရိတ်အနေနဲ့ ပြတင်းပေါက်ဘေးထိုင်ခုံအတွက် ကျပ်၉သောင်း ၊ အတွင်းခုံအတွက် ကျပ်၆သောင်းဖြစ်ပြီး လေကြောင်းပို့ဆောင်ရေးရဲ့ ကန့်သတ်ချက်ကြောင့် အစားအစာကျွေးမွေးမှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။





က္က