ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ကုသပေးဖို့ နေရာအလုံအလောက်ရှိဟုဆို

ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကုသရေးစင်တာတွေ၊ ဆေးရုံတွေမှ လူနာတွေ ပြည့်နေတဲ့အတွက် အိမ်မှာပဲထားရှိကုသနေရတယ်ဆိုတဲ့သတင်းတွေ အပြင်မှာ ပျံ့နှံ့နေပြီး အဆိုပါသတင်းက ကောလာဟလသာဖြစ်ကြောင်း၊ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ကုသပေးဖို့ နေရာအလုံအလောက်ရှိပြီး ပြည်သူတွေ အနေနဲ့ စိုးရိမ်စရာမလိုကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြန်လည်ရှင်းလင်းလိုက်ပါတယ်။

ရန်ကုန်မြို့မှာ အရပ်ဖက် ကုသရေးစင်တာ (၁၅) နေရာနဲ့ တပ်မတော်ဘက်က (၈) နေရာပြင်ဆင်ထားပြီး လူနာ (၁၃,၅၀၀) လောက် လက်ခံကုသနိုင်တယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဒီကနေ့ ဒီဇင်ဘာ (၁၈) ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။



“ ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကုသရေးစင်တာတွေ၊ဆေးရုံတွေ ပြည့်နေပါတယ်။ ပြည့်နေတဲ့အတွက် လူနာတွေ အိမ်မှာပဲ ထားကုနေရပါတယ်။ အဲဒီလိုဖြစ်နေပါတယ်ဆိုပြီး သတင်းတွေ ပျံ့နှံနေတာဖြစ်ပါတယ်။ ပထမဆုံးရှင်းပြချင်တာက ဒီသတင်းက သတင်းမှားသာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ရှင်းလင်းတင်ပြလိုပါတယ်။ စုစုပေါင်း လက်ခံကုသနိုင်တာ (၁၃,၅၀၀) လောက် ရန်ကုန်တိုင်းမှာ လက်ခံကုသနိုင်တဲ့အခြေအနေရှိပါတယ်။ ဒီကနေ့မှာ အားလုံးပေါင်းလိုက်တော့မှ လူနာက (၆,၁၄၁) ဦးပဲ ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်ခံမကုသနိုင်တဲ့အခြေအနေ ဘာမှမရှိဘူး။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေဘက်ကလည်း အဖြစ်နည်းတဲ့ ဒေသတွေက အလှည့်ကျတာဝန်ထမ်းဆောင်နေတော့ ကျန်းမာရေးဝန်ထမ်းတွေက ပင်ပန်းပေမယ့် ပုံမှန်လည်ပတ်လျှက်ရှိကြောင်းတင်ပြလိုပါတယ်။ ဗော်လန်တီယာတွေလည်း ပင်ပန်းနေကြတာရှိတယ်။ သို့သော်လည်း နိုင်ငံတော်ရဲ့ အားပေးမှု ၊ ဗော်လန်တီယာ စိတ်ဓာတ်နဲ့ ဆင်နွှဲနေကြတယ်။ ဒီအတွက် ပြည်သူလူထု စိုးရိမ်စရာ လတ်တလောမရှိပါဘူး။ "“လို့ ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း အရပ်ဖက်မှာ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပ ဆေးရုံ၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာန၊ ရိုးမရိပ်သာ၊ အောင်မြင့်မိုရ်၊ မြတ်လေးဆောင်၊ သုဝဏ္ဏကို ဗစ်စင်တာ စတဲ့ ကုသနေတဲ့ နေရာ (၁၅) ခုမှာ ကုတင်ပေါင်း (၁၀,၀၀၀) ကျော်ရှိနေပြီး ဒီကနေ့ ဒီဇင်ဘာ (၁၈) ရက်အထိ လူနာ (၅,၁၇၉) ဦး တက်ရောက်နေကာ ကုတင်ပေါင်း ၆,၀၀၀နီးပါးခန့် လွတ်နေသေးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တပ်မတော်ဘက်မှာတော့ တပ်မတော်အသည်းရောဂါကုဆေးရုံကြီးအပါအဝင် နေရာ (၈) နရာပြင်ဆင်ထားပြီး ကုတင် (၂,၀၀၀) ကျော်ထားရှိကုသပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့အထိ ကုတင်ပေါင်း (၂,၀၀၀) ကျော်အနက် (၆၇၁) နေရာမှာ ထားရှိကုသပေးနေတာကြောင့် ကုတင် (၁,၄၀၀) ခန့် လွတ်နေသေးတယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ဒေါက်တာထွန်းမြင့်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က