စည်းကမ်းချက်တွေနဲ့ညီ မညီ လိုက်လံစစ်ဆေးပြီးမှ A အဆင့် သတ်မှတ်ခံရတဲ့ဆိုင်တွေကို ဆိုင်ထိုင်စားသောက်စနစ်နဲ့ပြန်လည် ရောင်းချခွင့်ပြုတာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းက Stay at Home မဟုတ်တဲ့မြို့နယ်တွေထဲက လက်ဖက်ရည်ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို မန္တလေးအစိုးရက ဒီကနေ့မှာပဲ ဆိုင်ထိုင်စားသောက်စနစ်နဲ့ ပြန်လည်ရောင်းချခွင့်ပြုလိုက်ပါတယ်။

ပြန်လည်ရောင်းချခွင့်ပြုတဲ့အကြောင်းကိုလည်း ယမန်နေ့ဒီဇင်ဘာ ၁၈ ရက်ရက်စွဲနဲ့ တရားဝင်သတင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီမညီလိုက်လံစစ်ဆေးပြီးမှ A အဆင့်သတ်မှတ်ခံရတဲ့ဆိုင်တွေကို ဆိုင်ထိုင်စားသောက်စနစ်နဲ့ပြန်လည်ရောင်းချခွင့်ပြုတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ် စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးဇာနည်အောင်ကပြောပါတယ်။



"Covid-19 ညွှန်ကြားချက်တွေနဲ့အညီစစ်ဆေးပြီး ပြန်ဖွင့်ဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ စားသောက်ဆိုင်တွေအပါအဝင်လုပ်ငန်းများကို ညွှန်ကြားချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ဖို့ပါ၊ ဒါက ကျွန်တော်တို့အတွက်အသားကျပြီးသားလည်းဖြစ်ပါတယ်၊ ပထမလှိုင်းတုန်းကလည်း စက်ရုံအလုပ်ရုံနဲ့စားသောက်ဆိုင်တွေထဲက A အဆင့်ရတဲ့ဆိုင်တွေနဲ့လုပ်ငန်းတွေကို ဖွင့်လှစ်ခဲ့တဲ့ဟာရှိပြီးသားဖြစ်ပါတယ်၊ အဲဒီအတိုင်းပဲ ကျွန်တော်တို့ဆောင်ရွက်တာပါ" လို့ဝန်ကြီးကပြောပါတယ်။

ပြည်တွင်းတကျော့ပြန်ကိုဗစ်ရောဂါပြန်ဖြစ်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာချိန်မှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက မန္တလေးတိုင်းဒေသကြီးအတွင်းက ချမ်းအေးသာစံမြို့နယ် မဟာအောင်မြေမြို့နယ်နဲ့ အမရပူရမြို့နယ်တို့ကို စက်တင်ဘာ ၂၅ ရက်နေ့ကစလို့ Stay at Home အစီအစဉ်ထဲအကျုံးဝင်ကြောင်းကြေညာခဲ့ပါတယ်။

Stay at Home အစီအစဉ်ထဲအကျုံးမဝင်တဲ့မြို့နယ်တွေထဲက စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို စစ်ဆေးဆောင်ရွက်ပြီး A အဆင့် သတ်မှတ်ခံရတဲ့ဆိုင်တွေကို ဆိုင်ထိုင်စားသောက်ခွင့်ပြုသွားမှာဖြစ်သွားမှာဖြစ်ကြောင်း၊ အစီအစဉ်ထဲအကျုံးဝင်တဲ့မြို့နယ်တွေထဲက စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်အပါအဝင် အစားအသောက်ရောင်းချတဲ့ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့ သာရောင်းချရမှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုး ရက ဒီဇင်ဘာ ၁၈ ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က