အလှူရှင်အများရဲ့ အလှူငွေ ကျပ်သိန်းပေါင်းလေးသောင်းကျော်နဲ့ တည်ဆောက်သွားမှာပါ။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မှာ လူနာ (၄၀၀)ဆံ့ ကိုဗစ်ကုသရေးဆေးရုံတည်ဆောက်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ 



အလှူရှင်တွေရဲ့လှူဒါန်းငွေနဲ့ တည်ဆောက်မှာ ဖြစ်ပြီး We Love Yangon အဖွဲ့က ဦးစီးတည်ဆောက်သွားမှာလည်းဖြစ်တယ်လို့သတင်းရရှိပါတယ်။ မူလက ကုတင် (၆၀၀)ဆေးရုံတည်ဆောက်ဖို့လျာထားပေမယ့်လည်း လက်ရှိမှာတော့ ကနဦးအနေနဲ့ ကုတင် (၁၀၀)ဆံ့ အဆောက်အဦ လေးလုံးတည်ဆောက်သွားမှာဖြစ်တယ်လို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က Duwun ကိုပြောပါတယ်။ “ We Love Yangon အဖွဲ့ကဦးစီးပြီးတော့ အလှူရှင်အများနဲ့တည်ဆောက်သွားမှာပါ။ ကိုဗစ်ကာလအတွင်းမှာတော့ ကိုဗစ်လူနာတွေအတွက် သီးသန့်ပေါ့။ နောက်ပိုင်း ကိုဗစ်ပြီးသွားရင်တော့ တခြားလူနာတွေထားရှိကုသချင်လည်း ကုသမှာပေါ့။ ဆေးရုံဆိုပေမယ့် တည်ဆောက်ပုံက သင်တန်းပေးလို့ရမယ့်ဖွဲ့စည်းမှုပုံစံမျိုးတွေလည်းပါဝင်မှာ”လို့ ဦးသိန်းနိုင်က ပြောပါတယ်။



အဆိုပါ ကုတင် (၄၀၀)ဆံ့ဆေးရုံကို လှော်ကားလမ်းမကြီးနဲ့ သိန်းတစ်ရာလမ်းမကြီးပေါ်ရှိ မြေဧက (၈)ဧကအကျယ်အဝန်းရှိတဲ့ မြေတည်နေရာပေါ်မှာတည်ဆောက်မှာပါ။ ဒီကနေ့မှာတော့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပန္နက်ရိုက်ခြင်းမင်္ဂလာအခမ်းအနားပြုလုပ်ခဲ့တာတွေစတင်ခဲ့တယ်လို့သိရပါတယ်။ ဆေးရုံတည်ဆောက်မှု ကုန်ကျစရိတ်ကို ကျပ်သိန်းလေးသောင်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပြီး ကုန်ကျငွေအားလုံးကို အလှူရှင်တွေရဲ့လှူဒါန်းထည့်ဝင်ငွေနဲ့ တည်ဆောက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


Share

Loading Next Article...
က္က